အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်ရန်အတွက် လာမည့်အောက်တိုဘာလတွင် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

25 Sep 2021

DMG ၊ စက်တင်ဘာ ၂၅

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်ရန်အတွက် လာမည့်အောက်တိုဘာလတွင် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

တရုတ်နိုင်ငံမှလှူဒါန်းမည့် ကိုဗစ်ကာကွယ်ဆေး ၂ သန်းမှာ ယခုလကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

“စီနိုဗက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် အသက် ၁၂ နှစ်နှင့်အထက် ကလေးများအား ထိုးနှံနိုင်သည်ဟုသိရှိရကြောင်း၊ထို့ကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချလက်ချပညာသင်ကြားနိုင်ရေးအတွက် ယခုလကုန်တွင်ရောက်ရှိမည့် တရုတ်နိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ သန်းအား ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ကျောင်းသားမိဘများအနေဖြင့်လည်း ကလေးငယ်များအတွက် အန္တရာယ်တစ်စုံတစ်ရာမရှိပါက ကိုဗစ်ကာကွယ်ဆေးကို ထိုးပေးရန်ဆန္ဒရှိကြောင်း ပြောဆိုသည်။

စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်နှင်းနှင်းက “ထိုးခိုင်းမှာပဲ၊ တရုတ်ကထုတ်ထုတ်၊ ဂျပန်ကထုတ်ထုတ်၊ ထိုးမှာပါ၊ ၁၀၀ ရာခိုင်းနှုန်းမှာ ၁၀၀ မကာကွယ်နိုင်ပေမဲ့ ထိုးမှာပါ၊ ကာကွယ်ဆေးဆိုတာမျိုးက မကောင်းတာကိုထုတ်တာမျိုး မဟုတ်တော့ ကလေးငယ်တွေအတွက် အန္တရာယ်မဖြစ်ရင်တော့ ထိုးသွားပါမယ်”ဟု ပြောသည်။

ယခင်က အသက် ၁၈ နှစ်အောက်ကလေးများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။

သို့သော်လည်း တရုတ်ထုတ် စီနိုဗက်ကိုဗစ်ကာကွယ်ဆေးများမှာ ၁၂ နှစ်အထက် ကလေးငယ်များကိုထိုးနှံနိုင်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်ပြုလုပ်သည့် နေပြည်တော်ရှိ စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရောဂါကူးစက်မှုရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ စိတ်ချရမည့်အခြေအနေဖြစ်သဖြင့် ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း အောက်တိုဘာ ၂၄ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ကိုဗစ်ကာကွယ်ဆေး ၃ သိန်းခန့်ထိုးနှံပေးလျက်ရှိကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၅ သန်း ၆ သိန်းရရှိထား၍ စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦးအထိရှိပြီး ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦးရှိကြောင်း စစ်ကောင်စီ၏စာရင်းအရ သိရသည်။

အောက်တိုဘာလတွင် တရုတ်နိုင်ငံမှလှူဒါန်းမည့် ကိုဗစ်ကာကွယ်ဆေး ၂ သန်းအပြင် ထပ်မံ၍ ကာကွယ်ဆေးအလုံးရေ ၁၀ သန်းရောက်ရှိမည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ဗီဒီယိုများ