AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ကိုအောင်ဝင်းနိုင်အမှုကို လာမည့်ရုံးချိန်းတွင်အမိန့်ချမည်

တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့်အမှုကို ယနေ့(ဖေဖော်ဝါရီ ၂၈)တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်ဟု ရှေ့နေထံမှသိရသည်။

28 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၈

တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့်အမှုကို ယနေ့(ဖေဖော်ဝါရီ ၂၈)တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်ဟု ရှေ့နေထံမှသိရသည်။

အဆိုပါအမှုကို အပြီးသတ်အမိန့်ချမှတ်ရန်အတွက် လာမည့်မတ်လ(၁၄)ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်က DMG ကိုပြောသည်။

"လာမယ့် ၁၄ ရက်နေ့မှာ ၁၇(၁)ကို အပြီးသတ်အမိန့်ချမှာ။ လာမယ့်နေ့အမိန့်မှာ ပို့ကုန်သွင်းကုန်ပုဒ်မကတော့ မပါသေးဘူးပေါ့။ ၁၇(၁)ကျတော့ စွဲချက်တင်ပြီးလို့ တရားခံနဲ့ ခံပြသက်သေအားလုံးကို စစ်ဆေးပြီးစီးလို့ ဒါကြောင့် ဒီနေ့အပြီးသတ်လျှောက်လဲချက်ပေးတာ”ဟု ၎င်းကဆိုသည်။

ကိုအောင်ဝင်းနိုင်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)အပြင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့်လည်း တရားရင်ဆိုင်နေရသည်။

ယနေ့ရုံးချိန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေနှင့်စွဲဆိုထားမှုမှ အမှုစစ် IO ဒုရဲအုပ်ခင်မောင်သန်းကို စစ်ဆေးခဲသည်ဟု ရှေ့နေကပြောသည်။

ကိုအောင်ဝင်းနိုင်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဩဂုဏ်လ(၆)ရက်နေ့တွင် (AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ကိုအောင်ဝင်းနိုင်ကို မတရားအသင်းပုဒ်မ-၁၇(၁)ဖြင့် တောင်ကုတ်မြို့(၅၅၄)တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။ ထို့အပြင် လိုင်စင်မဲ့ကားမောင်းမှုဖြင့်လည်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-(၈)ဖြင့် တောင်ကုတ်မြို့မရဲစခန်းမှ ယာဉ်ထိန်းရဲ ဒုရဲအုပ်တစ်ဦးက တရားလိုပြုကာ တရားစွဲဆိုခဲ့သည်။

ကိုအောင်ဝင်းနိုင်မှာ တောင်ကုတ်မြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရပြီး ၎င်းမှာ AA နှင့် တစ်စုံတစ်ရာပတ်သက်မှုမရှိသဖြင့် ပြန်လွတ်လာရန် မိသားစုကမျှော်လင့်နေသည်။

“အမိန့်ချတဲ့နေ့မှာ သူ့ကိုပြန်လွတ်လာစေချင်တာပေါ့။ မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး အဖမ်းခံထားရတာကို စိတ်မကောင်းဖြစ်တယ်။ ဒါက မတရားစွပ်စွဲခံရတာဖြစ်တယ်”ဟု ကိုအောင်ဝင်းနိုင်၏ဇနီး မတွယ်တာစိုးက DMG ကိုပြောသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်မှပယ်ဖျက်ခဲ့သော်လည်း မတရားအသင်းအဖြစ် ပယ်ဖျက်ခြင်းမရှိသေးပေ။

ဗီဒီယိုများ