လေးကေ့ကော်တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်ကြား ပိတ်မိနေသူတစ်ထောင်ကျော်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် နှင့် မဲ့ထော်သလေးကျေးရွာတို့၌ မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသခံတစ်သောင်းကျော်မှာ ထိုင်းနိုင်ငံနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်ဘေးရှောင်တစ်ထောင်ကျော်ပိတ်မိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

28 Dec 2021

ပုံစာ - ထိုင်း-မြန်မာနယ်စပ် ဖလူးလေးကျေးရွာရှိ သောင်ရင်းမြစ်အနီးတွင် စစ်ဘေးရှောင်တစ်ထောင်ကျော် အဆင်ပြေသလိုခိုလုံနေရစဉ်

DMG ၊ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် နှင့် မဲ့ထော်သလေးကျေးရွာတို့၌ မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသခံတစ်သောင်းကျော်မှာ ထိုင်းနိုင်ငံနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်ဘေးရှောင်တစ်ထောင်ကျော်ပိတ်မိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

တိုက်ပွဲကြောင့် လေးကေ့ကော်၊ ဖလူးလေး၊ ဖလူးကြီး၊ ရသေ့ဂူနှင့် မဲ့ထော်သလေး စသည့်ကျေးရွာများမှဒေသခံအများစုမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းသို့တိမ်းရှောင်ခဲ့ပြီး တချို့မှာနယ်စပ်အနီး သောင်ရင်းမြစ်ကြောတလျှောက်တွင် အဆင်ပြေသလိုနေထိုင်နေရကြောင်း စစ်ဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက DMG ကိုပြောသည်။

"အများစုက မဲဆောက်ကစစ်ဘေးရှောင်စခန်းကိုရောက်နေတာရှိတယ်။ အဲ့မှာနေထိုင်ရတာအဆင်ပြေတယ်။ လိုအပ်နေတာတွေတော့ရှိနေတယ်။ လှူနေတဲ့သူတွေတော့ရှိတယ်ပေါ့။ ဒါပေမဲ့တချို့ကျတော့ အခုအထိထိုင်းနယ်စပ်သောင်ရင်းမြစ်တလျှောက်မှာပဲ နေထိုင်တိမ်းရှောင်နေရတုန်းပါပဲ။ အဲ့မှာကလေးတွေလဲပါနေတယ်။ ကိုယ်ဝန်ဆောင်တွေလဲပါနေတယ်ပေါ့နော်။ အဲတာတွေအတွက်က အခုအထိထောက်ပံ့နိုင်မှုအားနည်းနေတယ်။ မရတဲ့သူတွေပါရှိနေတယ်။ အဓိက အဝတ်အစား၊စားဖို့သောက်ဖို့ပေါ့ အိပ်ရာခင်းကအစပေါ့။ အဲဒါတွေကတော့ လုံးဝလိုအပ်နေတယ်"ဟု ၎င်းကပြောသည်။

ထိုင်းနယ်စပ်နှင့် မြန်မာနယ်စပ်ကြားတွင် တိမ်းရှောင်နေရသူအများစုမှာ ဖလူးလေးနှင့် ရသေ့ဂူကျေးရွာတို့မှ ဖြစ်ကြသည်။
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA)၊ DKBA(ခွဲထွက်)အဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့ကြား ပြီးခဲ့သည့် ဒီဇင်ဘာ(၁၅)ရက်နေ့မှစတင်ပြီး ယနေ့အထိ တိုက်ပွဲများပြင်းထန်လျက်ရှိနေပြီး နှစ်ဖက်ကျဆုံးမှုများရှိကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းမှစပြီး ယမန်နေ့အထိ လေကြောင်းကင်းထောက်လှမ်းခြင်း၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် မြဝတီမြို့နယ်အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်းလည်း သိရသည်။

ထိုတိုက်ပွဲများအတွင်းသတင်းရယူနေသည့် ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ ကိုအေစိုင်းကေမှာ မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကသေဆုံးသွားခဲ့ကြောင်း ကိုအေစိုင်းကေနှင့်နီးစပ်သူတစ်ဦးကပြောသည်။

"လက်နက်ကြီးတွေကော၊ လေယာဉ်တွေပါပစ်နေတယ်။ ကိုအေစိုင်းကေကလဲ အဲဒီကစာသင်ကျောင်းထဲဝင်ပုန်းနေတာပေါ့။ အဲတာကို လက်နက်ကြီးမှန်ပြီးသေဆုံးခဲ့တာပါ"ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မြန်မာစစ်ဘေးရှောင်စခန်းတွင်လက်နက်ကြီးကျည်များကျရောက်ခဲ့ကာ စစ်ဘေးရှောင် ၅ ဦးထက်မနည်းထိခိုက်ပြီး မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။

ထိုသို့လက်နက်ကြီးကျရောက်မှုကြောင့် ထိုင်းနိုင်ငံအစိုးရ တော်ဝင်တပ်များမှ လေကြောင်း၊ ကြည်းကြောင်းဖြင့် နှစ်နိုင်ငံနယ်စပ်အနီးတွင် ကင်းလှည့်စောင့်ကြည့်မှုများရှိနေသည်။

ဗီဒီယိုများ