နေရပ်ပြန်မည့် စစ်ဘေးရှောင်များရှိသည့် မြို့နယ်များတွင် မိုင်းရှင်းလင်းရေး ထပ်မံလုပ်ဆောင်သွားမည်

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များထဲမှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင်များအတွက် ၎င်းတို့ပြန်မည့်မြို့နယ်များတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းထံမှ သိရသည်။

By DMG 25 Feb 2021

DMG | ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များထဲမှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင်များအတွက် ၎င်းတို့ပြန်မည့်မြို့နယ်များတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းထံမှ သိရသည်။

ယခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ အမ်း-စစ်တွေကားလမ်းနှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့ တို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိပြီး ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်နေ့) တစ်ပတ်ကျော် ကြာမြင့်သည်အထိ မပြီးပြတ်သေးဘဲ ရှင်းလင်းနေဆဲဖြစ်ကြောင်းသိရသည်။

ဗိုလ်မှူးကြီးမင်းသန်းက “မိုင်းရှင်းလင်းရေးက လမ်းကြောင်းကြီးကတော့ ပြီးသလောက်နီးပါး ဖြစ်လာပြီလို့တော့ ပြောတယ်၊ ပြီးတော့မပြီးသေးဘူး။ မိုင်းတွေလည်း ရှာတွေ့တာတော့ရှိတယ်။ ဒါပေမယ့် တစ်ပတ်အတွင်း ဘယ်နှစ်လုံးတွေ့လဲဆိုတာတော့ အသေးစိတ်မသိဘူး’’ ဟု ပြောသည်။

ရခိုင်တွင် နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသည့်အတွက် နေရပ်ပြန်သွားကြသည့်စစ်ဘေးရှောင်များ ရှိသလို ထပ်မံပြန်လိုသူများကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ စာရင်းများကောက်ယူလျှက်ရှိသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိစာရင်းအရ အမ်း၊ စစ်တွေနှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်မည့်စစ်ဘေးရှောင်ဦးရေ ၁၃,၄၄၅ ဦး ရှိသည်။

ယခုမိုင်းရှင်းလင်းနေသည့်နေရာများ၌ ရှင်းလင်းပြီးသွားပါက နေရပ်ပြန်မည့် စစ်ဘေးရှောင်များရှိနေသည့် အဆိုပါမြို့နယ်များတွင် မိုင်းရှင်းလင်းရေးများ အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန်းက ဆိုသည်။

“နီးတဲ့ဖက်တွေကို အရင်ချမယ်။ ဒီဖက်ခြမ်းမှာဆိုရင် စစ်တွေ၊ ပုဏ္ဏားကျွန်းတစ်ဝိုက်ရယ်၊ နောက်ဟိုဖက်ခြမ်းမှာ ဆိုရင် အမ်းဖက်တစ်ဝိုက်ရယ်ပေ့ါ။ နေရပ်ပြန်ချင်တဲ့စစ်ဘေးရှောင်တွေ သူတို့ပြန်မယ့်ရွာတွေကို အန္တရာယ် ကင်းအောင် မိုင်းရှင်းပေးရမယ်။ အခုလည်း ရွာတွေကို ရှင်းလင်းပေးဖို့လုပ်နေပါပြီ’’ ဟု ၎င်းကပြောသည်။

သို့သော် စစ်ဘေးရှောင်အများစုမှာ တောတောင်များကိုမှီခိုလုပ်ကိုင်စားသောက်နေရသူများဖြစ်ကြပြီး တပ်မတော်က မိုင်းရှင်းပေးရာတွင်လည်း တောတောင်များမပါဝင်သည့်အတွက် မိမိဒေသသို့ပြန်ရောက်လျှင် လုပ်ကိုင်စားသောက်ရေး အဆင်ပြေနိုင်မည်မဟုတ်ကြောင်း အမ်းမြို့၊အမှတ်(၁) ပဲပိတုန်းစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒါးလက်အုပ်စု၊ရွာဟောင်းကျေးရွာမှ ဦးအောင်ဝင်းကပြောသည်။

“စာရင်းတော့ပေးထားပြီးပြီ။ ဒါပေမယ့် ကျနော်တို့ပြန်ဖြစ်တော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူတွေ၊ တောတောင်တွေကိုလည်းသွားရတယ်။ ဒါကြောင့် ကိုယ့်ဒေသကို ရောက်သွားရင် လုပ်ကိုင်စားသောက်ရေးက အဆင်မပြေလောက်ဘူးဆိုပြီး တွေးမိလို့။ နောက်ပြီးတော့ မိုင်းရှင်းလင်းတဲ့အထဲမှာလည်း တောတောင်တွေမပါဘူးဆိုတော့ ကျနော်တို့ဒေသက လူတွေအတွက် မိုင်းကိုပိုပြီးစိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။

အမ်းမြို့နယ်တွင် ယခုလ(ဖေဖော်ဝါရီလ ၁၇ ရက်နေ့)ကလည်း တောင်ပေါ်သို့ သလူခုတ်ရန်သွားသည့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းထိမှန်၍ ညာဘက်ခြေတစ်ချောင်းပြတ်ထွက်သွားပြီး လက်ရှိတွင် စစ်တွေ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ နှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၈ ဦးထိရှိခဲ့ကြောင်း အစိုးရ၏စာရင်းအရ သိရှိရသည်။

ဗီဒီယိုများ