စစ်တွေတွင် လူငယ်များဦးဆောင်သည့် အခမဲ့ဆေးခန်းတစ်ခု ဖွင့်လှစ်

စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ စစ်ကဲတော်မင်းကျောင်းတိုက်အတွင်း၌  လူငယ်များဦးဆောင်သည့် အခမဲ့ဆေးကုခန်းတစ်ခုကို ယနေ့ မေလ ၃ ရက်နေ့တွင်စတင် ဖွင့်လှစ်လိုက်ကြောင်း ဆေးခန်းဖြစ်မြောက်ရေးဦးစီးဆောင်ရွက်နေသူ ကိုသန်းထိုက်ဇော်ကဆိုသည်။

03 May 2021

DMG | မေ ၃

စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ စစ်ကဲတော်မင်းကျောင်းတိုက်အတွင်း၌  လူငယ်များဦးဆောင်သည့် အခမဲ့ဆေးကုခန်းတစ်ခုကို ယနေ့ မေလ ၃ ရက်နေ့တွင်စတင် ဖွင့်လှစ်လိုက်ကြောင်း ဆေးခန်းဖြစ်မြောက်ရေးဦးစီးဆောင်ရွက်နေသူ ကိုသန်းထိုက်ဇော်ကဆိုသည်။

အဆိုပါအခမဲ့ဆေးကို Food not Bombs Rakhine နှင့် မိမိ၏အသိမိတ်ဆွေများ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးမတတ်နိုင်သူများအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် ရည်ရွယ်ကြောင်း သူကပြောသည်။

“အခြေခံလူတန်းစားတွေဆိုရင် ဆေးရုံကိုသွားရတဲ့ အခက်အခဲတစ်ခု၊ နောက်ပြီး ဆေးခန်းတွေရဲ့စရိတ် ကြီးမှုတွေကို ကြုံလာရတဲ့အတွက် ဒီပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန့်တော့် ညီအစ်ကိုလိုခင်ရတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော်တို့ဆီကိုလာတဲ့သူတွေအနေနဲ့ ဆေးခန်းပြခကို သူတို့တတ်နိုင်သလောက် အလှူခံပုံးကိုထည့်ခဲ့ရုံပါပဲ”ဟု ကိုသန်းထိုက်ဇော်ကဆိုသည်။

အဆိုပါဆေးခန်းကို တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နေ့လည် တစ်နာရီမှ ညနေလေးနာရီခန့်အထိဖွင့်လှစ်ရန် သတ်မှတ်ထားကြောင်းနှင့် လက်ရှိတွင် အထွေထွေရောဂါကု ဆရာဝန် တစ်ဦးတည်းဖြင့်သာ စတင်လည်ပတ်နေရသေးကြောင်း ကိုသန်းထိုက်ဇော်ကပြောသည်။

မိမိတို့အနေဖြင့် အရေးကြီးသောလူနာများကို ပထမဦးစားပေးကုသပေးမည်ဖြစ်ကာ အရေးကြီးသော လူနာများကို စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“လက်ရှိမှာတော့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးနဲ့စပြီး လုပ်ဆောင်နေပါတယ်။အဲ့ဒီအစ်ကိုရဲ့ အသိဆရာဝန်တွေကလည်း နောက်ပိုင်းမှာ ကူထိုင်ပေးမယ်လို့ပြောတယ်လို့လည်းသိရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော်တို့ တတ်နိုင်လာရင် အခြား အထူးကုသမားတော်ကြီးတွေကို  ပင့်သွားဖို့လို့ လည်းရှိပါတယ်”ဟု ကိုသန်းထိုက်ဇော်က ကရှင်းပြသည်။

ယခုကဲ့သို့ စစ်တွေမြို့တွင် လူငယ်များ ဦးဆောင်သည့် အခမဲ့ဆေးခန်းပေါ်ပေါက်လာခြင်းမှာ ကောင်းမွန်လှသည့် လက္ခဏာတစ်ရပ်ဖြစ်သည့်အတွက် ဝမ်းသာကြိုဆိုမိကြောင်းနှင့် စည်လုံးညီညွတ်စွာဖြင့် ရှေ့ဆက် ဆောင်ရွက်ကြစေလိုမိကြောင်း စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောသည်။

“ဒီလိုမျိုး ဆေးခန်းတွေများများပေါ်ထွက်လာရင် ကောင်းတာပေါ့။ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးပရဟိတ ဆေးခန်းတွေ မပျောက်ပျက် သွားဖို့အတွက်လည်း တတ်နိုင်တဲ့သူတွေက တတ်နိုင်တဲ့ဘက်ကနေ အကူညီပေးတာတွေလုပ်ဖို့လိုပါလိမ့်မယ်”ဟု သူ၏အမြင်ကို ပြောပြသည်။

လက်ရှိစစ်တွေမြို့တွင် ကုတင် ၅၀၀ ဆန့် ပြည်သူ့ဆေးရုံ တည်ရှိသော်လည်း စစ်တွေမြို့ပေါ်ရှိ နာမည်ရ ဆေးခန်းအချို့မှာ စရိတ် ကြီးမားသည့်အတွက် အခြေခံလူတန်းစားများအဖို့ သွားရောက်ပြသရန် မလွယ်ကူကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ