ရခိုင်က မြို့နယ်အချို့တွင် “လူသတ်အစိုးရအလိုမရှိနှင့် ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ” စသည့် စာသားများဖြင့် ကန်ပိန်းပြုလုပ်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် “လူသတ်အစိုးရအလိုမရှိနှင့် ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ” စသည့် စာသားများဖြင့် ကန်ပိန်းပြုလုပ်နေကြသည်။

By ဉာဏ်ဟိန်း 07 Oct 2020

တောင်ကုတ်မြို့ ကိုင်းရှည်တံတားပေါ်တွင် ရေးသားထားသောစာများအား တွေ့ရစဉ်။ ဓာတ်ပုံ - facebook)

ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် “လူသတ်အစိုးရအလိုမရှိနှင့် ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ” စသည့် စာသားများဖြင့် ကန်ပိန်းပြုလုပ်နေကြသည်။

“ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ No Bloody Government” စာသာများ မှုတ်ဆေးဖြင့်လမ်းမပေါ်၊ တံတားပေါ်တို့မှာလည်းကောင်း၊ “တပ်မတော်အလင်းဝင်ပါ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ဖက်ဆစ်စစ်တပ် ကျဆုံးပါစေ၊ ပြည်တွင်းစစ်ချက်ချင်းရပ်” စသည့်ဖြင့်ရေးသားကာ လမ်းမီးတိုင်တို့တွင် ကပ်ထားခြင်းလည်းကောင်း ကန်ပိန်းပြုလုပ်နေကြခြင်းဖြစ်သည်။

အဆိုပါ ကန်ပိန်းတို့ကို စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်းမှာ ပြုလုပ် နေကြောင်းတွေ့ရှိရသော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သူတို့က ပြုလုပ်နေကြောင်း မသိရှိရသေးပေ။

အလားတူ ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှလည်း အောက်တိုက်ဘာ ၆ ရက်နေ့က “ရခိုင်တွင် အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ NO Bloody Government ၊ NO Murder Army ၊ ရခိုင်ပြည်နယ် အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနှင့်အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်မူဝါဒ ဆန့်ကျင်ကြ” စသည့်ပိုစတာများကို လွိုင်ကော်မြို့တွင်းလမ်းမများရှိ ဓာတ်တိုင်များ၊ မီးပွိုင့်များ၊ နောင်ယားကန်နှင့် ထေးလျားကန်တို့တွင် ပြုလုပ်ခဲ့ကြသည်။

“ဒီလိုမျိုး ကန်ပိန်းလုပ်တာကို ကျွန်တော်တို့ထောက်ခံတယ်၊ ကျေးဇူးလည်းတင်တယ်။ အခုလို ကန်ပိန်းလုပ်တဲ့ အတွက် ကျွန်တော်တို့အားရှိတယ်။ ဒါက ပြည်သူတွေဖက်က အမှန်တရားကို ရပ်တည်တယ်ဆိုတာကို ပြသတာဖြစ်တယ်။ နောက်ထပ်ပြည်သူတွေ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်ပိုင်းကျောင်းသား ၃ ဦးက စစ်တွေမြို့ရှိ အစိုးရုံးရှေ့တွင် “ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင်ကြ ၊ No Bloody Government ၊ ရက္ခိုင်ပြည်တွင် 4G Internet ပြန်ဖွင့်ပေးရေး၊ ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ” စသည်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့၍ ၎င်းတို့သုံးဦးမှာ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခံထားရသည်။

အဆိုပါ ကျောင်းသားများဆန္ဒဖော်ထုတ်ပြီးနောက် ဗကသကျောင်းသားများကလည်း မန္တလေးတိုင်းတွင် အလားတူ စာသားတို့ဖြင့် ဆန္ဒဖော်ထုတ်ခြင်းနှင့် ကန်ပိန်းများ ပြုလုပ်ခဲ့ကြသည်။

ဗီဒီယိုများ