ရခိုင်တွင် Stay at Home ကာလသတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း ULA ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း (Stay at Home)ကာလ ထုတ်ပြန်သတ်မှတ်ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

25 Aug 2021

DMG ၊ သြဂုတ် ၂၆

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း (Stay at Home)ကာလ ထုတ်ပြန်သတ်မှတ်ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

(Stay at Home)ကို သတ်တမ်းမတိုးသော်လည်း ပြည်သူများအနေဖြင့် နေ့စဉ်ရောဂါကူးစက်မှု အရေအတွက် အတက်အကျစာရင်းကိုစောင့်ကြည့်ပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်အတိုင်း လိုက်နာနေထိုင်ကြရန် ULA က တိုက်တွန်းထားသည်။

ကိုဗစ်ရောဂါပိုးကူးစက်မှုမှာ လုံးဝရပ်တန့်လာခြင်းမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကိုဗစ်တတိယလှိုင်းအဆုံး၌ (Stay at Home)သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့၏ သတိတရားနှင့် တစ်ဦးချင်းဖြစ်စေ၊ ရပ်ရွာအလိုက်အစုအဖွဲ့ဖြင့်ဖြစ်စေ  မလိုအပ်ဘဲအပြင်သွားလာခြင်းမျိုးမဟုတ်သောပုံစံဖြင့် နေထိုင်ကြရန် ULA ၏ ထုတ်ပြန်ချက်ကဆိုသည်။

တစ်ဖက်တွင်လည်း နိုင်ငံအချို့၌ Covid -19 မျိုးရိုဗီဇပြောင်း မျိုးကွဲအသစ်များကို ထပ်မံတွေ့ရှိနေရပြီး ကိုဗစ်စတုတ္ထလှိုင်း စတင်မည့်အလားအလာရှိနေသဖြင့် မျိုးရိုးဗီဇပြောင်းကိုဗစ်မှာ အချိန်မရွေး ကူးစက်လာနိုင်သည့်အတွက် ပေါ့ဆစွာမနေထိုင်ရန်လည်း အသိပေးထားသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၃ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃၈၃၀ ဦးရှိပြီး သေဆုံးသူ ၃၆၇ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၃၂၃ ဦးအထိရှိကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် ကိုဗစ်ကူးစက်မှုလျော့လာနေသော်လည်း ဂွမြို့နယ်တွင် ရောဂါ ကူးစက်မှု မြင့်မားနေဆဲဖြစ်သည်။

ဗီဒီယိုများ