ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်နေသူများ ရိုးသားမှုရှိရန် လိုအပ်ကြောင်း ကာချုပ်ပြော

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ရိုးသားမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

19 Aug 2020

ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ခိုင်ရိုးလ | DMG
သြဂုတ် ၁၉ ၊ နေပြည်တော်

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ရိုးသားမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

ယနေ့(သြဂုတ် ၁၉ )ရက်က နေပြည်တော်တွင်ပြုလုပ်နေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ပြောခြင်းဖြစ်သည်။

“ပထမအချက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ အစည်း Stake Holder တွေဟာ ရိုးသားကြဖ့ိုလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ယင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အခြားလုပ်ငန်းနှင့်တွဲဆက်ထားမှု၊ တိကျပြတ်သားသည့် အခြေခံမူများ ရပ်တည်မှုအားနည်းခြင်းတို့ကြောင့်လည်း ငြိမ်းချမ်းရေး မရသေးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစအချိန် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) အစိုးရကို ဗကပအနေဖြင့် အမြတ်ထုတ်ရန် အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဥပမာပေးပြီး ယခုလိုပြောဆိုသည်။

“ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီးစ ဖဆပလအစိုးရဟာ အဲဒီခေတ်က အင်အားကြီးမားတဲ့ ဗကဗ လက်နက်ကိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းနိုင်ရေး အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအခြေအနေပေါ်မှာ ဗကပ အနေနဲ့ အခွင့်အရေးယူဖို့၊ အမြတ်ထုတ်ဖို့ပဲ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်” ဟု ဆိုသည်။

၂၁ ရာစုပင်လုံ စတုတ္တအစည်းအဝေးကို တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒု- ဥက္ကဌ(၁) စိုင်းညွန့်လွင်က ဖွင့်ပွဲမိန့်ခွန်းပြောဆိုရာတွင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ အနေဖြင့် တန်းတူအခွင့်အရေးရရှိရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

“ချစ်ချစ်ခင်ခင်အတူတကွ နေထိုင်သွားဖို့ဆိုတာ တစ်စုနဲ့တစ်စု၊ တစ်မျိုးနဲ့ တစ်မျိုးဟာ အခွင့်အရေးအရာမှာ ဖြစ်ဖြစ်၊ တန်းတူညီမျှရေးအရာမှာ ဖြစ်ဖြစ်၊ လွတ်လပ်မှုအရာမှာဖြစ်ဖြစ် တပြေးညီဖြစ်မှု ရှိနေဖို့ဆိုတာ သိပ်ကို အရေးကြီးလှပါတယ်။ အခုပြောနေတဲ့ တန်းတူညီမျှမှုဆိုတာကို ဆိုလိုတာပဲဖြစ်ပါတယ်” ဟု စိုင်းညွန့်လွင်က ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လက်နက်ကိုင်တိုက်ပွဲများ၏ သက်ရောက်မှုကြောင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှုအားနည်းပြီး စိုးရိမ်သံသယများဖြင့်ရှိနေတတ်ကြောင်း ယနေ့ကျင်းပသော ပင်လုံညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားသည်။

“ယုံကြည်မှုအားနည်းရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်က အလျှော့-အတင်း၊ အပေး-အယူ လုပ်ချင်စိတ် မရှိတာကြောင့်ဖြစ်တတ်သလို အပေးအယူ၊ အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းတတ်တဲ့ ယဉ်ကျေးမှု အားနည်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပမည့် ၃ ရက်တာ အတွင်း ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယား (၁)ပါ ခေါင်းစဉ် ၈ ခု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ ၅ ချက်တို့ ပါဝင်မည်ဖြစ်သည်။

ဗီဒီယိုများ