ချင်းပြည်နယ်တွင် စစ်ရေးအရမလှုပ်ရှားရန် ချင်းတပ်တောင်းဆိုသော်လည်း ထွက်ခွာရန်မရှိဟု AA တုန့်ပြန်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အနေဖြင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်တွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက တောင်းဆိုလိုက်သည်။

By ခင်သရဖီဦး 20 Mar 2020

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများရှိနေသည်။ (ဓာတ်ပုံ - AA)

ခင်သရဖီဦး | DMG
မတ်လ ၂၀၊ စစ်တွေ

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အနေဖြင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်တွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး(CNF)က မတ်လ ၁၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

သို့သော် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် စစ်ရေးအရ အရေးပါသည့်နေရာဖြစ်ပြီး ဆုတ်ခွာပေးရန်မရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ပလက်ဝမြို့နယ်က ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ ဆုတ်ပေးဖို့တော့မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားနေတာက စစ်တပ်က ထိုးစစ်လုပ်နေတာကြောင့် ဖြစ်တာ။ သူတို့ဖက်က ထိုးစစ်မလုပ်ရင် ဖြစ်စရာမရှိပါဘူး။ အဲဒါကြောင့် တိုက်ပွဲရပ်ချင်ရင် စစ်တပ်ကို တောင်းဆိုဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇဝတ်ကျူးလွန်မှုများ ရှိနေခြင်းကြောင့် ချင်းအမျိးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီဟု မှတ်ယူကြောင်း CNF က ဆိုသည်။

CNF သည် ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ CNF ကို ၁၉၈၈ ခု၊ မတ်လ ၂၀ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဌာနချုပ်ရှိသည်။ ခန့်မှန်းအင်အားမှာ ၂၀၀ နှင့်အထက်ရှိသည်ဟု နိုင်ငံတကာမြန်မာသတင်းအဖွဲ့(BNI)က ထုတ်ဝေသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇-၂၀၁၈ စာအုပ်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ လက်ရှိတွင် ရေကြောင်းသွားလာရေးတွင် အတားအဆီးများရှိနေသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရသည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ