မာန်အောင်မြို့နယ်တွင် အုန်းသီးဈေးနှုန်း ထိုးကျ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အုန်းသီးဈေးနှုန်းများ ယခင်နှစ်ထက် ၄ ဆခန့် ထိုးကျသွားခဲ့ကြောင်း မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

23 Sep 2021

DMG ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အုန်းသီးဈေးနှုန်းများ ယခင်နှစ်ထက် ၄ ဆခန့် ထိုးကျသွားခဲ့ကြောင်း မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ယခင်နှစ်က မာန်အောင်မြို့နယ်တွင် အုန်းသီးတစ်လုံးကို ၅၀၀ ကျပ်အထိရရှိခဲ့သော်လည်း လက်ရှိမှာ အုန်းသီးတစ်လုံးကို အပင်ပေါ်ဈေး ၁၀၀ ကျပ်သာ ဈေးရရှိကြောင်းသိရသည်။

"အုန်းသီးဈေးက အခုတော့ နည်းနည်းဈေးကျတယ်။ ဘာလို့လဲ ဆိုတော့ ပြည်မကိုတင်ပို့လို့မရဘူး။ ကုန်တင်ခတွေလဲ ဈေးအရမ်းကြီးတယ်။ အဲဒါကြောင့် ဈေးကနိမ့်နေတာဖြစ်တယ်"ဟု မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးလူလှကပြောသည်။

မာန်အောင်မြို့နယ်တွင် အုန်းပင်အရေအတွက်စုစုပေါင်း လေးသောင်းခန့်ရှိရာ တစ်နှစ်လျှင်အုန်းသီးအလုံးရေ သိန်း ၅၀ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။

ယခင်က မာန်အောင်မြို့နယ်တွင် အုန်းသီးဈေးနှုန်းမကောင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်ကတည်ဆောက်ခဲ့သည့် အုန်းသီးကုန်ချောထုတ်စက်ရုံတည်ဆောက်ပြီးနောက်မှာ အုန်သီးတစ်လုံး ငွေကျပ် ၅၀၀ အထိ ဈေးရရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် အုန်းသီးကုန်ချောထုတ်စက်ရုံမှာ ၂၀၂၀ ခုနှစ်တွင် စက်ရုံလည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခဲ့သော်လည်း ကိုဗစ်ရောဂါအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း စက်ရုံတာဝန်ရှိသူက ပြောဆိုသည်။

အုန်းသီးကုန်ချောထုတ်စက်ရုံအနေဖြင့်လည်း ယခုနှစ်တွင် အုန်းသီးကို ဈေးကောင်းပေးဝယ်ရန်အခက်တွေ့နေရကြောင်း အုန်းသီးကုန်ချောထုတ်စက်ရုံလုပ်ကိုင်နေသည့် မာန်အောင်ရတနာကုမ္ပဏီမှ တာဝန်ရှိသူ ဦးအောင်သန်းကပြောသည်။

"အခုအုန်းသီးဈေးကွက်က ပြည်ပဈေး ၂၈၀ လောက်ဈေးရှိတယ်။ အခုဒီမှာ ၁၅၀ ဈေးနဲ့ ဝယ်ယူနေရတယ်။ အရင်ထက် ဈေးကျသွားတာပေါ့" ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်အုန်းသီးကုန်ချောထုတ်စက်ရုံမှ ကုန်ချော ၆ မျိုးထုတ်လုပ်ရန်ပြင်ဆင်ထားပြီး မာန်အောင်မြို့နယ်အပြင် ရမ်းဗြဲနှင့် သံတွဲမြို့နယ်တို့မှ အုန်းသီးများကိုပါဝယ်ယူနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစက်ရုံမှ အုန်းသီးစားသုံးဆီနှင့် အုန်းနို့ကုန်ချော ၂ မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့သော်လည်း လက်ရှိမှာ ကိုဗစ်အခြေအနေကြောင့် စက်ရုံကိုရပ်နားထားရကြောင်း သိရသည်။

ဗီဒီယိုများ