နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အရပ်သား ၁၃၂ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ထောက်ပံ့ ပေးထားကြောင်း ရခိုင်လုံနယ်ဝန်ကြီးပြော

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများအကြား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသည့် အရပ်သားများအတွက် ငွေကြေးထောက်ပံ့မှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ယနေ့(နိုဝင်ဘာ ၁၆ ရက်) ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

By မြတ်ဆွေ 16 Nov 2020

မြတ်ဆွေ | DMG
နိုဝင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများအကြား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသည့် အရပ်သားများအတွက် ငွေကြေးထောက်ပံ့မှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ယနေ့(နိုဝင်ဘာ ၁၆ ရက်) ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယင်းသို့ သေဆုံးသူများကို တစ်ဦးလျှင် ငွေကျပ် ၃ သိန်းကျပ်ဖြင့် ၁၃၂  ဦးကိုလည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို တစ်ဦးလျှင်ငွေကျပ် ၅ သောင်းကျပ်ဖြင့် ၃၂၈ ဦးကိုလည်းကောင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးမှ တင်ပြချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းများရှိခဲ့သည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

“တိုက်ပွဲကြောင့်ဖြစ်လာတဲ့ ဒဏ်ရာရသူများဖြစ်ဖြစ်၊ တိုက်ပွဲကြောင့်မဟုတ်ဘဲ ဒဏ်ရာရသူများဖြစ်ဖြစ် အချိန်မီ ဆေးရုံရောက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းတွေလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံး၊ ဒဏ်ရာရသူများအား ရခိုင်ပြည်နယ် အစိုးရအနေဖြင့် မည့်ကဲ့သ့ို ကူညီဆောင်ရွက်ထားသည်ကို သိလိုကြောင်း လွှတ်တော်တွင်မေးမြန်းရာ ဗိုလ်မှူးကြီးမင်းသန်းက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများမှာ ငွေကြေးနှင့် အသိဉာဏ်အားနည်းသည့် ကျေးလက်နေပြည်သူများ ဖြစ်ပြီး ၎င်းတို့မှာစေတနာရှင်များ၏ ပံ့ပိုးငွေများဖြင့် ဘေးဒုက္ခဆိုးများကို ရုန်းကန်လျှက်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။

“ပြည်သူတွေ ထိခိုက်၊ဒဏ်ရာရ သေဆုံးမှုတွေအတွက် ဘေးကင်းလုံခြုံစွာဆောင်ရွက်ပေးနိုင်ရေးဟာ အစိုးရမှာ တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အစိုးရကပေးအပ်သော ထောက်ပံ့ငွေမှာ အားရဖွယ်မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုကြသည်။

အစိုးရကငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ထားသော်လည်း မြေပြင်အခြေအနေအရ ထိထိရောက်ရောက် အကူအညီမရရှိသောကြောင့် အားရကျေနပ်မှုမရှိဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“အစိုးရပိုင်းကလည်း မြေပြင်အခြေအနေကို ကိုယ်တိုင်သွားရောက် လုပ်ပေးဖို့ဆိုတာလည်း ခက်တယ်။ သူတို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့သင့်တယ်။ သို့သော် ပူးပေါင်းမှုအားနည်းတယ်။ လုံးဝ မပူးပေါင်းဘူး။ ဒီထက်ပိုပြီး လုပ်ပေးရမှာ အစိုးရမှာတာဝန်ရှိတယ်” ဟု ဦးစံကျော်လှက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်နီးပါးအထိကြာမြင့်လာနေပြီး DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလအထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅၅ ဦးအထိရှိခဲ့သည်။

ထို့ပြင် စစ်ဘေးရှာင်ဦးရေမှာလည်း ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ