ရခိုင်စစ်ဘေးရှောင်များအတွက် အရံဆန်ထားရှိမည့်အစီအစဉ် စတင်ဆောင်ရွက်

“အစိုးရက အရံဆန်ဝယ်ယူမယ့်ကိစ္စကို မလုပ်တော့ဘူးလို့သိရတော့ ကျနော်တို့က စလုပ်ရတာပေါ့။ ကျနော်တို့မှာ ဆန်လုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ပြီး အဲဒီလုပ်ငန်းရှင်တွေဆီမှာ သိုလှောင်ထားမယ်။ လိုအပ်တဲ့အခါ အဲဒီကနေတစ်ဆင့်ထုတ်ပြီး ကူညီပေးသွားမယ်” ဟု Colourless အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုကြီးက ဆိုသည်။

By မြတ်ဝင်းကျော် 17 Sep 2019

မြောက်ဦးမြို့ သျှစ်သောင်းစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ကလေးနှစ်ဦးအား တွေ့ရစဉ်။

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၁၇ ၊ ရန်ကုန်

ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များအတွက် အရံဆန်ထားရှိမည့်အစီအစဉ်ကို အရပ်ဖက်အဖွဲ့အစည်းအချို့က အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။

တိုက်ပွဲဖြစ်ပွားနေသောဒေသများ၌ ဆန်(စပါး) စိုက်ပျိုးခွင့်မရှိကြသလို နောက်နှစ်များတွင်လည်း စိုက်ပျိုးခွင့်မရရှိပါက ဆန်ရှားပါးမည့်ပြဿနာ ကြုံတွေ့လာနိုင်သဖြင့် အရံဆန်ထားရှိမည့် အစီအစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Colourless ပရဟိတအဖွဲ့ထံမှ သိရသည်။

လက်ရှိမှာ ရသေ့တောင်မြို့နယ်မှ စတင်ပြီး ဆန်အိတ် ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း Colourless အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုကြီးက ပြောသည်။

“အစိုးရက အရံဆန်ဝယ်ယူမယ့်ကိစ္စကို မလုပ်တော့ဘူးလို့သိရတော့ ကျနော်တို့က စလုပ်ရတာပေါ့။ ကျနော်တို့မှာ ဆန်လုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ပြီး အဲဒီလုပ်ငန်းရှင်တွေဆီမှာ သိုလှောင်ထားမယ်။ လိုအပ်တဲ့အခါ အဲဒီကနေတစ်ဆင့်ထုတ်ပြီး ကူညီပေးသွားမယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

၎င်းအစီစဉ်ကို Colorless ပရဟိတအဖွဲ့မှ ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ လူမူရေးအသင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရန်အတွက် အလှူငွေရရှိမှုအပေါ် မူတည်နေပြီး မြို့နယ်အလိုက် ကန့်သတ်စုဆောင်းထားမည့် ကိစ္စရပ်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း၊ စုဆောင်းထားသည့် အရံဆန်များကို ယခုနှစ် ဒီဇင်ဘာလဆိုလျှင်

သိုလှောင်ထားသော နေရာမှထုတ်ယူကာ အရေးပေါ်လိုအပ်နေသည့် ဒုက္ခသည်စခန်းများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။

“စစ်ပွဲနဲ့ ကာလအနေအထားကိုကြည့်ပြီး ကျနော်တို့က ရေရှည် Plan (အစီအစဉ်) ဆွဲထားတယ်။ စစ်ပွဲက ဘယ်တော့ ငြိမ်းမလဲမသိဘူးဆိုတော့ ရေရှည်သွားရမယ့် plan ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူဦးရေ ၆ သောင်းကျော်အထိ ရှိလာပြီး ဒုက္ခသည်စခန်းများကို လှူဒါန်းနေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား အစိုးရက ပိတ်ပင်နေခြင်းတို့ရှိ၍ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ရှိနေသည်။

ထို့ကြောင့် ရခိုင်တိုင်းရင်းသားများကို အုပ်ချုပ်နေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအနေဖြင့် ရခိုင်ပြည်သူများကို မျက်နှာလွှဲမထားပဲ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပေးရန်အတွက် ဦးကိုကိုကြီးက တောင်းဆိုခဲ့သည်။

ဗီဒီယိုများ