ကျောက်ဖြူ ငါးအမုန့်ကြိတ်စက်ရုံကို အများပြည်သူလက်ခံသော လောင်စာအသုံးပြုရန် ညွှန်ကြားထား

“စက်မှုကြီးကြပ်က တရားဝင်သွားပြီး စစ်ထားပြီးပြီ။ စက်ရုံက မလည်သေးတဲ့အတွက် လည်လို့ရှိရင်လည်း သက်ဆိုင်ရာ ဥပဒေနဲ့လည်း ညီရမှာပေါ့နော်။ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ရမယ်။ အများပြည်သူ လက်ခံနိုင်တဲ့ လောင်စာကိုပဲ သုံးရမယ်လို့ ညွှန်ကြားထားပါတယ်။ စက်ရုံတော့ မလည်သေးဘူး”

08 Aug 2019

ခိုင်မင်း(ကျောက်ဖြူ)/ DMG

သြဂုတ်လ ၇ ၊ ကျောက်ဖြူ

ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင် တည်ဆောက်ထားသော ငါးမုန့်ကြိတ်စက်ရုံတွင် ကျောက်မီးသွေးကို အသုံးပြုပြီး လည်ပတ်မည့် အစီအစဉ်ကို ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရှိခဲ့သည်။

အဆိုပါ ကျောက်မီးသွေးကို အသုံးပြုပြီး စက်ရုံလည်ပတ်လျှင် သဘာဝတ်ဝန်းကျင်ထိခိုက်မှု ရှိလာမည်ဖြစ် သဖြင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ဝေဖန်မှုများရှိလာသည်။

ယင်းသို့ ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် သြဂုတ်လ ၁ ရက်နေ့က စက်မှုကြီးကြပ်က လာရောက်ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကာ အများပြည်သူလက်ခံနိုင်သော လောင်စာကိုသာ အသုံးပြုရန် ညွှန်ကြားခဲ့ ကြောင်း ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောသည်။

“စက်မှုကြီးကြပ်က တရားဝင်သွားပြီး စစ်ထားပြီးပြီ။ စက်ရုံက မလည်သေးတဲ့အတွက် လည်လို့ရှိရင်လည်း သက်ဆိုင်ရာ ဥပဒေနဲ့လည်း ညီရမှာပေါ့နော်။ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ရမယ်။ အများပြည်သူ လက်ခံနိုင်တဲ့ လောင်စာကိုပဲ သုံးရမယ်လို့ ညွှန်ကြားထားပါတယ်။ စက်ရုံတော့ မလည်သေးဘူး”ဟု ပြောသည်။

ငါးမုန့်ကြိတ်စက်ရုံကို ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံ သွားရောက်ကြည့် ရှုခဲ့ချိန်တွင် ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စက်ရုံဘက်မှ ပြောဆိုခဲ့ကြောင်း ဦးဖိုးစံကပြောသည်။ ၎င်းအနေဖြင့်လည်း ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်မည်ဆိုပါက ကန့်ကွက်သွားမည်ဟု ဆိုသည်။

“အဲဒီပစ္စည်း ဓာတ် ၁၃ မျိုးပါဝင်နေတဲ့အတွက် အဲဒီစက်ရုံသာ လည်လိုက်မယ်ဆိုလို့ရှိရင် အဲဒီပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ သက်ရှိ၊ သက်မဲ့တွေကို ထိခိုက်လာနိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် စက်ရုံကိုတာဝန်ခံတဲ့ စကားပြန်ကတစ်ဆင့် မေးမြန်းတဲ့အချိန်မှာ တရုတ်နိုင်ငံသား ပိုင်တယ်လို့ သိရှိခဲ့ရပါတယ်” ဟုပြောသည်။

ငါးမုန့်ကြိတ်စက်ရုံကို ဒေါ်ယုယုနွယ်ဆိုသူပိုင်ပြီး တရုတ်နိုင်ငံသားများက လာရောက်လုပ်ကိုင်နေ ကြခြင်းဖြစ်ကြောင်းလည်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ