စာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ကျာင်းသားများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထား

စစ်တွေတက္ကသိုလ်တွင် မတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်း သူလေးထောင်ကျော်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြောင်း ယင်းတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။

By မျိုးသီရိကျော် 18 Mar 2020



မျိုးသီရိကျော် | DMG
မတ် ၁၈ ၊ စစ်တွေ

စစ်တွေတက္ကသိုလ်တွင် မတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်း သူလေးထောင်ကျော်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြောင်း ယင်းတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။

စစ်တွေတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းဝင်းအတွင်းလမ်းများတွင် လက်ဆေးကြောရန် ရေနှင့်ဆပ်ပြာရည်များ ထားရှိပေးထားပြီး ဆရာ၊ ဆရာမများအတွက် Hand Gelနှင့် Maskအချို့ စီစဉ်ပေးထားကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က ပြောသည်။

“စာမေးပွဲခန်း ဝင်လာတဲ့ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေပဲဖြစ်ဖြစ ဖျားတာနာတာရှိလား၊ ချောင်းဆိုးတာတွေရှိလား၊ တကယ်လို့ရှိတယ်ဆိုရင်လည်း mask တွေ ထုတ်ပေးသွားဖို့ရှိပါတယ်။ ကျောင်းသားများတဲ့အတွက် mask အလုံအလောက်မရှိတာကြောင့် အကုန်လုံးကို မထုတ်ပေးတာပါ။ ဒါပေမဲ့ ထူခြားရင်ထူးခြားသလိုမျိုး အသုံးပြုဖို့အတွက်တော့ စီစဉ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနကလည်း လက်ဆေးရန် ရေနှင့်ဆပ်ပြာများ၊ Hand Gelများ၊ Mask များ အလုံအလောက် ထားရှိပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန် တက္ကသိုလ်များကို ညွှန်ကြားထားသည်။

အကယ်၍ ကျောင်းသားတစ်ဦးဦး နေမကောင်းဖြစ်ပါက ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် ကားများကို အဆင်သင့်စီစဉ်ထားကြောင်းနှင့် နေမကောင်းသူများရှိလျှင်လည်း သီးသန့်ဖြေဆိုနိုင်ရန် အခန်းစီစဉ်ထားရှိကြောင်း ဒုတိယပါမောက္ခချုပ်က ပြောသည်။

“အဲဒီလိုမျိုး ချောင်းဆိုးဖျားနာနေရင်တော့ သီးသန့်ထားပြီးဖြေဆိုဖို့ လုပ်ဆောင်ထားတာတွေလည်း ရှိပါတယ်”ဟု ၎င်းကဆိုသည်။

စာမေးပွဲကာလတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် ယခုပြုလုပ်ထားသည့် အစီအမံများထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂက အကြံပြုသည်။

“တက္ကသိုလ်ဆေးခန်းတော့ရှိတယ်။ အဲ့ဆေးခန်းက အလုပ်မဖြစ်ဘူး ပိတ်ထားတယ်။ တကယ်လို့သာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်တယ်ဆိုရင် ဒီတက္ကသိုလ်မှာ အခြေနေဆိုးသွားနိုင်တယ်။ ကာကွယ်ဖို့အတွက် ဘာမှမရှိဘူး။ လက်ကလေးဆေးဖို့ ရေပုံးလေးချပေးရုံနဲ့ မလုံလောက်ဘူးလို့ ထင်ပါတယ်။ ဒီထက်ပိုပြီး လုပ်ပေးစေချင်ပါတယ်”ဟု သမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ အချက်အချာကျဆုံးမြို့ဖြစ်နေပြီး နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေသူများ များစွာရှိနေသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် မကင်းဟုယူဆကာ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ ကူးစက်မှုလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာသော ကိစ္စရပ်အဝဝသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တာဝန်သာဖြစ်သည်ဟု စစ်တွေတက္ကသိုလ် ကျောင်း သားများသမဂ္ဂက မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ