စစ်တွေတွင် ဆေးကုသမှုခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာမှာ ဗိုင်းရပ်စ်ရောဂါပိုးမရှိ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာကို စစ်ဆေးချက်အရ သာမာန်အဆုပ်ရောင်ရောဂါဖြစ်နေသည့် လူနာတစ်ဦးသာဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက DMG သို့ ယနေ့ပြောသည်။

By မင်းထွန်း 04 Mar 2020


မင်းထွန်း | DMG
မတ် ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာကို စစ်ဆေးချက်အရ သာမာန်အဆုပ်ရောင်ရောဂါဖြစ်နေသည့် လူနာတစ်ဦးသာဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက DMG သို့ ယနေ့ပြောသည်။

အသက် (၂၉)နှစ်အရွယ် အဆိုပါလူနာသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး သုံးရက်အကြာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း စသည့်ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရသည်။

ထို့နောက် စစ်တွေမြို့ရှိ ပြင်ပဆေးခန်းတစ်ခုသို့ ပြသခဲ့ရာ မတ်လ ၂ ရက်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကုသရန် ဆေးခန်းကညွှန်ကြားခဲ့သည်။ ထို့နောက် ၎င်းကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကာ ကုသပေးခဲ့ပြီး သွေးများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ဒေါက်တာမိုးမြင့်ဝင်းက ပြောသည်။

“မနေ့က ကျနော်တို့ ပို့ထားတဲ့အဖြေပြန်ရတော့ သူဟာ ရောဂါကူးစက်မှုမရှိတဲ့ သာမန်အဆုပ်ရောင် လူနာတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို သာမန်အဆုပ်ရောင် လူနာတစ်ယောက်အနေနဲ့ ပြောင်းလဲပြီးတော့ ကုသမှုပေးနေတယ် ” ၎င်းကဆိုသည်။

အဆုပ်ရောင်ရောဂါ ဖြစ်ပွားလျှင်လည်း ဖျားခြင်း၊ ချောင်းဆိုခြင်း၊ ရင်ဘတ်အောင့်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် အဆိုပါလူနာထံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ရှိသကဲ့သို့ ကျန်းမာရေးလည်း ပြန်ကောင်းလာသည့် အတွက် မတ်လ ၆ ရက်နေ့တွင် ဆေးရုံမှ ဆင်းနိုင်ရန် စီစဉ်ထားသည်ဟု ဒေါက်တာမိုးမြင့်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၃၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ သံသယလူနာ (၂)ဦးနှင့်စောင့်ကြည့်လူနာ (၅၁)ဦးရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြည့် ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များကို တိကျစွာလိုက်နာရန်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပြန့်ပွားခဲ့သည့် အဆိုပါဗိုင်းရပ်စ်သည် လက်ရှိတွင် နိုင်ငံပေါင်း (၈၀) တွင် ဖြစ်ပွားနေပြီး သေဆုံးသူ ၃၁၉၈ ဦးနှင့် ကူးစက်ခံရသူ စုစုပေါင်း ၉၃၄၅၅ ရှိနေပြီဟု RFA သတင်းဌာနက ယနေ့ ညနေ (၄)နာရီကျော်ခန့်က ရေးသားထားသည်။

ဗီဒီယိုများ