ကိုဗစ်ကာကွယ်ရေး တပ်မတော်အပစ်ရပ် ထပ်တိုးမှုတွင် ရခိုင်ဒေသမပါဝင်

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

By အောင်ထိန် 25 Aug 2020

အောင်ထိန် | DMG
သြဂုတ် ၂၅ ၊ စစ်တွေ

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေငြာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ အပစ်ရပ်စဲမည်ဖြစ်သည်ဟု တပ်မတော်၏ သြဂုတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရက ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကြေငြာထားသဖြင့် တပ်မတော်၏ အပစ်ရပ်နယ်မြေထဲတွင် AA တပ်ဖွဲ့ဝင်များရှိသည့် နေရာများ ပါဝင်ခြင်းမရှိပေ။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး တပ်မတော်၏ အပစ်ရပ်ကြေငြာချက်တွင် AA ရှိနေသည့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တပ်မတော်၏ အပစ်ရပ်ကြေငြာချက်သည် ပြည်သူများကို အကျိုးပြုရာမရောက်သော၊ အပြုသဘောမဆောင်သော ထုတ်ပြန်ချက်ဟု ဝေဖန်သည်။

“အခုလို ထုတ်ပြန်လိုက်တာဟာ ရခိုင်ပြည်မှာ တိုက်ပွဲနဲ့ Covid-19 ကြောင့် ဆိုးကျိုးတွေကို ခံစားနေရတဲ့ ပြည်သူတွေကို ဥပက္ခာပြုရာရောက်တယ်။ အဲဒီလိုတွေအတွက် မစဉ်းစားရာလည်း ရောက်တယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ဆက်တိုက်မယ့်သဘော သက်ရောက်တယ်” ဟု ဦးဖေသန်းက ဆိုသည်။

တပ်မတော်အနေဖြင့် Covid-19 ကာလကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ (၃)လကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေငြာခဲ့သည်။

သို့သော် ယင်းအကြိမ်တုန်းကလည်း AA နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ချန်လှပ်ထားခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရခိုင်မြောက်ပိုင်းဧရိယာများတွင် တိုက်ပွဲများ မရပ်တန့်နိုင်သေးသဖြင့် Covid-19 ကာကွယ်၊ ကုသရေးမှာလည်း ထိခိုက်လာနိုင်သည်ဟု ဆိုသည်။

“တကယ်တမ်း ကိုဗစ်နိုင်တင်းပြန့်ပွားနေတဲ့ စစ်တွေတို့ မြောက်ဦးတို့ ရခိုင်မြောက်ပိုင်းဧရိယာတွေမှာ တိုက်ပွဲမရပ်နိုင်သေးတဲ့ အတွက်ကြောင့်မို့ ကုသကာကွယ်ပေးရေးတွေမှာတော့ ထိခိုက်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိ တစ်ပတ်ကျော်အတွင်း ပြည်တွင်းကူးစက်မှုဖြစ်သည့် Covid-19 ရောဂါပိုးတွေ့လူနာ ၈၀ ဦးအထိ ရှိနေပြီဖြစ်သည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း ရခိုင်ပြည်နယ်အတွင်း နှစ်သိန်းခန့်အထိ ရှိနေသည်။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ