မြန်မာတွင် မျိုးရိုးဗီဇကွဲကိုဗစ်ပိုးကူးစက်ခံရသူ ၁၅ ဦးတွေ့၊ ရခိုင်မှတစ်ဦးပါဝင်

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

01 Sep 2021

DMG ၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

ယင်းသို့ မျိုးရိုးဗီဇကွဲကိုဗစ်တွေ့ရှိသူ ၁၅ ဦးထဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ တစ်ဦးပါဝင်ပြီး အခြားတွေ့ရှိသူများမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ တောင်ငူ ၁ ဦး၊ လားရှိုး ၁ ဦး၊ မော်လမြိုင် ၁ ဦး၊ မုံရွာ ၁ ဦးနှင့် ကလေးမြို့မှ ၁ ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

၎င်းတို့အား သြဂုတ်လ ၂၈ ရက်နေ့ကစစ်ဆေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦးရှိကြောင်း သိရသည်။

အဆိုပါ ၁၅ ဦးလုံးတွင်တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variants of Concern)Delta မျိုးစိတ်ဖြစ်ကြောင်းလည်း ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှုမြင့်မားသဖြင့် သေဆုံးနိုင်ချေမြင့်တက်လာနိုင်ကြောင်းလည်း ကျန်းမာရေးဌာနတာဝန်ရှိသူများက သုံးသပ်ထားသည်။

ထို့အပြင် ယခုကိုဗစ်မျိုးစိတ်သည် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ်လျော့ကျစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဗီဒီယိုများ