ဟိုတယ်နှင့် တည်းခိုရိပ်သာများအားစစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်

ဟိုတယ်နှင့် တည်းခိုရိပ်သာများအား အချက်နှစ်ချက်ဖြင့်စစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀

ဟိုတယ်နှင့် တည်းခိုရိပ်သာများအား အချက်နှစ်ချက်ဖြင့်စစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သော်လည်း မကြာမီကာလတွင် ခရီးသွားရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ခရီးသွားသူများတည်းခိုရာတွင် လုံခြုံမှုရှိစေရန်အတွက် ယင်းသို့စီစဉ်ထားခြင်းဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ ပြောသည်။

“ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီဟိုတယ်တွေက စိတ်ချရပါတယ်။ အာမခံပါတယ်ဆိုတဲ့ အသိမှတ်ပြုတံဆိပ်တွေပေးသွားမှာပါ။ ဒီလိုသတ်မှတ်ပေးတာက ရခိုင်တစ်ခုတည်းတင်မကပါဘူး။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့လုပ်သွားဖို့ရှိတာပါ” ဟု ဦးတင်ထွန်းအောင်ကပြောသည်။

အသိအမှတ်ပြုတံဆိပ်များပေးအပ်ရာတွင် ဒေသတွင်းအဆင့်(Regional Level)၊ နိုင်ငံအဆင့်(National Level)နှင့် နိုင်ငံတကာအဆင့်(International Level)စသည်ဖြင့် အဆင့်သုံးဆင့်ခွဲကာ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသတွင်းအဆင့်ဆိုရင် ဒေသတွင်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီး စိတ်ချရတယ်ဆိုတဲ့သဘောပေါ့။ နိုင်ငံတော်အဆင့်ဆိုရင်တော့ ဒီထက်ပိုပြီးစိတ်ချရတာပေါ့။ အပြည်ပြည်ဆိုင်ရာအဆင့် ဝန်ဆောင်မှုတွေပေးနိုင်တဲ့ ဟိုတယ်တွေကိုတော့ နိုင်ငံတကာအဆင့် (International)အဆင့်ပေးသွားမှာပါ”ဟု ဦးတင်ထွန်းအောင်က ဆိုသည်။

အဆိုပါတံဆိပ်ရရှိရေးအတွက် ဟိုတယ်ရှိဝန်ထမ်းများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးခြင်းနှင့် ဝန်ထမ်းများအားလုံး ကျန်းမာရေးဆိုင်ရာလုံခြုံမှု သင်တန်းတက်ရောက်ပြီးသူများဖြစ်ခြင်း စသည့်အခြေခံအချက်နှစ်ချက်လိုအပ်ကြောင်းနှင့် လိုအပ်သည်များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ရှိသည့်အနက် လက်ရှိတွင် ၅၇ လုံးကို ဖွင့်လှစ်ခွင့်ပြုထားပြီး အဆိုပါဟိုတယ်နှင့်တည်းခိုရိပ်သာများကို ဒေသတွင်းအဆင့်(Regional Lavel)အသိမှတ်ပြုကတ်ပြားများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အသိအမှတ်ပြုကတ်ပြားများရယူလိုပါက ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ Website စာမျက်နှာဖြစ်သော hps.tourism.gov.mm တွင် ကြည့်ရှုလေ့လာပြီး အချက်အလက်ပိုင်းဆိုင်ရာများဖြည့်စွက်ကာ လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ ဟိုတယ်များကိုပြန်လည်ဖွင့်လှစ်ထားသော်လည်း ခရီးသွားဝင်ရောက်မှု နည်းပါးလွန်းသည့်အတွက် တည်းခိုသူနည်းပါးလျှက်ရှိကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ်မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့်ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ