ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများအား ကိုဗစ်ပိုးရှိ/မရှိကို ကျန်းမာရေးဌာနက အခမဲ့စစ်ဆေးပေးမည်

ပြည်တွင်းလေကြောင်းခရီးစဉ်နှင့်လိုက်ပါမည့်သူများအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပိတ်ရက်မရှိဘဲ အခမဲ့စစ်ဆေးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာမှ အသိပေးထုတ်ပြန်လိုက်သည်။

12 Nov 2021

DMG ၊ နိုဝင်ဘာ ၁၂

ပြည်တွင်းလေကြောင်းခရီးစဉ်နှင့်လိုက်ပါမည့်သူများအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပိတ်ရက်မရှိဘဲ အခမဲ့စစ်ဆေးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာမှ အသိပေးထုတ်ပြန်လိုက်သည်။

ပြည်တွင်းလေကြောင်းခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်ရောဂါမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်တွင် တင်ပြနိုင်ရန် ကျန်းမာရေးဌာနမှ ပိတ်ရက်မရှိစစ်ဆေးပေးမည်ဖြစ်သည်။

လေကြောင်းခရီးစဉ်မတိုင်မီ ၄၈ နာရီထက်နောက်မကျစေဘဲ လိုက်ပါမည့်ခရီးသည်များ ကိုဗစ်ရောဂါပိုးရှိ၊ မရှိကိုသိရှိနိုင်ရန် လေယာဉ်ကွင်းတည်ရှိရာ

သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင် နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ပိတ်ရက်မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လေကြောင်းခရီးသည်များအား ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးနိုင်ရန်အတွက်စစ်ဆေးမည့်နေရာကို အစိုးရထံစာတင်ထားပြီး ယခုသီတင်းပတ်အတွင်း စတင်စစ်ဆေးနိုင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ဒီနေ့တော့ စပြီးမစစ်ဆေးသေးဘူး။ ကိုဗစ်စစ်ဆေးဖို့အတွက် နေရာစီစဉ်ပေးဖို့ကို အစိုးရအဖွဲ့ကို စာတင်ထားတယ်။ ကျနော်တို့ဘက်က ကျန်းမာရေးဝန်ထမ်းနဲ့ Covid Test kit တွေရှိတဲ့အတွက် စစ်ဆေးပေးလို့ရတယ်။ ဒါပေမယ့် စစ်ဆေးမယ့်နေရာလိုတဲ့အတွက် နေရာတွေတောင်းထားတယ်။ ခွင့်ပြုချက်ရရင်တော့ စပြီးစစ်ဆေးသွားမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ရောဂါရှာဖွေရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင်လည်း သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများဆောင်ရွက်နိုင်ကြောင်းဆိုသည်။
လက်ရှိမှာ ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့လေကြောင်းခရီးသည်များအား ကိုဗစ်ပိုးရှိ/မရှိကို အခမဲ့စစ်ဆေးပေးသွားမည့်အစီအစဉ်မှာ ကောင်းမွန်သော်လည်း ထိရောက်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးဖိုးစံကပြောသည်။

“လက်ရှိအနေအထားက ကိုဗစ်ရောဂါက လုံးဝပျောက်သွားတယ်လို့ပြောလို့မရသေးဘူး။ နိုင်ငံတော်ကနေ အခမဲ့စစ်ဆေးပေးတယ်ဆိုရင်တော့ပိုကောင်းတာပေါ့။ မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက်စစ်ဆေးမှုတွေလုပ်ပေးမယ်ဆို ပိုကောင်းတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ရခိုင်ပြည်သို့ ရန်ကုန်၊ မန္တလေး စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းခရီးစဉ်ဖြင့်လာရောက်မည့်သူများကို ကိုဗစ်နိုင်တင်းရောဂါပိုးရှိ/မရှိစစ်ဆေးရန် သက်ဆိုင်ရာကျန်းမာရေးဌာနများ၌ စစ်ဆေးပေးသော်လည်း စစ်ဆေးခငွေကျပ်နှစ်သောင်း ပေးဆောင်ရကြောင်း ခရီးသည်များထံမှ သိရသည်။

ရခိုင်ပြည်က လေကြောင်းခရီးစဉ်လိုက်ပါမည့်သူများကိုလည်း ကိုဗစ်ရောဂါပိုးရှိ၊မရှိကို နှာခေါင်းတို့ပတ်ယူစစ်ဆေးပြီး ၃၆ နာရီအတွင်းစစ်ဆေးချက်အရ ကိုဗစ်ရောဂါပိုးမရှိကြောင်းထောက်ခံချက်ရရှိမှသာ လေယာဉ်စီးခွင့်ပြုရန်စီစဉ်ခဲ့သည်။

ဗီဒီယိုများ