COVID-19 ကြောင့် ရပ်နားထားသည့် ရခိုင်က ဂဏန်းများကို ပြန်လည်တင်ပို့

COVID-19 ကြောင့် ရပ်နားထားသည့် ရခိုင်ကဂဏန်းတင်ပို့မှုများကို မေလ ၃၁ ရက်နေ့ကစတင်ကာ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း ဂဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။

By ကျော်သူဌေး 24 Jun 2020

ကျော်သူဌေး | DMG
ဇွန် ၂၄ ၊ စစ်တွေ

COVID-19 ကြောင့် ရပ်နားထားသည့် ရခိုင်ကဂဏန်းတင်ပို့မှုများကို မေလ ၃၁ ရက်နေ့ကစတင်ကာ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း ဂဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဂဏန်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေကြရာ COVID-19 ကပ်ရောဂါကြောင့် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တင်ပို့မှုများကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံမှ ဂဏန်းများကို ပြန်လည်ဝယ်ယူနေကြပြီဖြစ်သော်လည်း ယခင်ထက် ဈေးကောင်း မရသည့်အတွက် အခက်ခဲအချို့နှင့်ရင်ဆိုင်နေရသေးကြောင်း စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားအနီး၌ ဖွင့်လှစ်ထားသည့် XJ ဂဏန်းဒိုင်စာရေး ကိုဇော်ထွန်းက ပြောသည်။

“တစ်ချက်ကြောက်ရတာက တရုတ်မှာ ပြန်ဖြစ်တယ်လို့ကြားတယ်။ အဲဒါကြောင့် တင်ပို့မှုကို ဘယ်နေ့ပြန်ပိတ် သွားမလဲဆိုတာကို စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

ကိုရိုနာဗိုင်းရပ်ရောဂါ မဖြစ်မီအချိန်က ဂဏန်း ၁ ကီလိုလျှင် ၆ ထောင်ကျပ်ခန့် ဈေးရှိခဲ့သော်လည်း ယခုအခါ ၁ ကီလိုကို ၃ ထောင်ကျပ်သာရှိကြောင်း ကိုဇော်ထွန်းက ဆက်၍ရှင်းပြသည်။

ယင်းအပြင် ဂဏန်းလုပ်ငန်းလုပ်ကိုင်နေသူများအတွက်လည်း ဂဏန်းဒိုင်များ ပိတ်ထားသည့်အခါ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ယခုအခါ ပြန်လည်လုပ်ကိုင်နေရသော်လည်း ဈေးကောင်းမရ၍ အခက်အခဲဖြစ်ကြောင်း စစ်တွေမြို့နယ်၊ ကုန်းတန်းကြိမ်ချောင်းမှ ဂဏန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုတူးတူးက ပြောသည်။

“ဂဏန်းဒိုင်တွေ ပိတ်ထားတဲ့အခါ အလုပ်လက်မဲ့ဖြစ်တော့ စားဝတ်နေရေးကအစ အကုန်လုံးအခက်အခဲ ဖြစ်သွားတယ်။ အခုပြန်လုပ်နေပေမယ့် ဈေးကောင်းမရတဲ့အတွက် နည်းနည်းလေး အခက်အခဲ ဖြစ်တယ်။ တစ်ခါတစ်လေ လမ်းပိတ်လို့ပြန်လှည့်လာရတဲ့အခါ ဂဏန်းတွေ သေသွားတာလည်းရှိတော့ အရှုံးပေါ်တာ တွေလည်းရှိတယ်” ဟု ကိုတူးတူးက ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းတံတားအနီးတွင် ဂဏန်းများကိုဝယ်ယူနေသည့် ဂဏန်းဒိုင် ၇ ခု ရှိပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မောင်တောစသည့်မြို့နယ်များတွင်လည်း ဂဏန်းရောင်းဝယ်ရေးလုပ်ငန်းကို အများအပြားလုပ်ကိုင်လျက်ရှိကြသည်။

ဗီဒီယိုများ