ရခိုင်မှ ပြည်မဘက်သို့ပြေးဆွဲနေသည့် ကုန်တင်ကားများကို ယာယီရပ်နားမည်

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပြည်မဘက်သို့ပြေးဆွဲနေသည့် ကုန်တင်ကားများမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ ယာယီရပ်နားထားတော့မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်မောင်းများထံမှ သိရသည်။

By မျိုးသီရိကျော် 08 Sep 2020

ပုံစာ - စစ်တွေမြို့နယ် ကျောက်တန်းဂိတ်တွင် ရပ်နားထားသည့် ကုန်တင်ကားများကိုတွေ့ရစဉ်

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၈ ၊ စစ်တွေ

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပြည်မဘက်သို့ပြေးဆွဲနေသည့် ကုန်တင်ကားများမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ ယာယီရပ်နားထားတော့မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်မောင်းများထံမှ သိရသည်။

လက်ရှိပြေးဆွဲနေသည့် စစ်တွေမှကုန်ကားယာဉ်မောင်းများမှာ ပြည်နယ်အစိုးရ၏သွားလာခွင့် ထောက်ခံချက် များဖြင့် ကုန်စည်ပို့ဆောင်နေကြသော်လည်း ပြည်မဖက်သို့ရောက်ရှိသွားပါက ၂၁ ရက် စောင့်ကြည့်ခံနေ ရကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက်မည့်သူ မရှိသလောက်ရှားပါးလာနေကြောင်း စစ်တွေမှပြည်မဘက်သို့ ကုန်စည်များပို့ဆောင်နေသည့် ကေသီဦးကုန်စည်ပို့ဆောင်ရေးဂိတ်မှူး ဦးမောင်ဝင်းရွှေက DMG သို့ ပြောသည်။

“အမ်းကနေတစ်ဆင့်ယူရတယ်ဆိုပေမယ့် တိုက်ရိုက်ကိုယ့်အစီစဉ်နဲ့ကိုယ် သွားကြတာလည်းများပါတယ်။ ဆိုတော့ အဲ့ဒီပြည်မဖက်မှာ စောင့်ကြည့်လူနာအဖြစ် (၂၁)ရက် နေနေရတယ်။ အဲလိုမျိုး စောင့်ကြည့် ခံရတဲ့သူများသွာတော့ ကျနော်တို့မှာလည်း ကားသမားတွေရှားပါးလာတယ်။ ဒီလိုကိစ္စမျိုးဖြစ်နေတာကို အစိုးရအနေနဲ့လည်း ဖြေလျှော့ပေးစေချင်လို့ပါ ” ဟု ဦးမောင်ဝင်းရွှေက ပြောသည်။

ရခိုင်ပြည်အတွင်း ရိက္ခာပြတ်လပ်မှုမရှိစေရဟု နိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်သြဂုတ်လ ၂၈ နေ့က ကိုဗစ်နှင့်ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားထားသော်လည်း လက်တွေ့တွင် တခြားစီဖြစ်နေကြောင်း ရွှေပြည်သစ် အဆင့်မြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတာဝန်ခံ ကိုငလုံးချေကပြောသည်။

“မောင်းမယ့် ကားသမားတွေလည်းမရှိတော့ဘူး၊ အစစ်ဆေးတွေများတယ်။ အချိန်တွေလည်းကြန့်ကြာတယ်။ ရခိုင်ကုန်စည်စီးဆင်းမှုရှိရမယ်လို့ပြောထားပေမယ့်လည်း ဘာကုန်စည်မှလည်ပတ်မှုမရှိဘူး။ ကုန်ပစ္စည်း တွေပဲ ရှားပါးလာသလိုပဲ။ အခုလိုမျိုး Q ပဲဝင်နေကြတော့ ဘယ်ကားမှ ထွက်နိုင်တော့မှာမဟုတ်ဘူး။ ရခိုင်ရိုးမတောင်ကို ဖြတ်ဖို့အတွက် ကားသမားကကျွမ်းကျင်နေရမယ်။ ကားမောင်းမကျွမ်းကျင်ပဲမောင်းရင် ဒီထက်ပိုပြီး ဒုက္ခ ရောက်ကြလိမ့်မယ် ” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ကိုဗစ်ကာလဖြစ်သည့်အတွက် စီးပွားရေး၊ အလုပ်အကိုင်ရှားပါးနေပြီး ယာဉ်မောင်းများကို တစ်နေ့ တစ်ယောက်ကျ ပြောင်းလဲရန်မှာလည်းအခက်အခဲများရှိနေသည့်အတွက်ကြောင့် အစိုးရအနေဖြင့် ဖြေလျှော့ ပေးရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းသို့ ကုန်ကားတင်ကားများအား ယာယီပိတ်ထားလိုက်ခြင်းဖြင့် ကုန်စည်ပြတ်လပ်မှုများ၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်းများဖြစ်ပေါ်လာမည်ကို စစ်တွေကုန်စုံဆိုင်ပိုင်ရှင်များက စိုးရိမ်နေကြသည်။

စစ်တွေမြို့မှကုန်စုံဆိုင်ရှင် ဦးမောင်လှထွန်းက “ ဒီကာလမှာဒီလိုမျိုး ကားလမ်းတွေပိတ်တယ်ဆိုတော့ မကောင်း ပါဘူး။ အကုန်လုံးနီးပါးဒုက္ခရောက်ကြမယ်။ ဒီအတိုင်းသာဆက်ဖြစ်နေရင် ငတ်ပြတ်တာတွေဖြစ်လာမယ်။ နောက်တခုက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းဖြစ်လာမယ်။ ဒါကတော့ တာဝန်ရှိတဲ့ သူတွေပဲ အကုန်လုံး အဆင်ပြေစေဖို့လုပ်ပေးသင့်ပါတယ်” ဟု ပြောသည်။

ကားလမ်းများ အဆင်မပြေခြင်း၊ ကားသမားများအခက်အခဲနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရမှ ကုန်စည် ပို့ဆောင်ရေးအတွက် တတ်နိုင်လောက်သလောက်ဆောင်ရွက်ပေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့က DMG ကို ပြောကြားထားသည်။

ဗီဒီယိုများ