မဲဆွယ်စည်းရုံးရေးကာလ၌ ရခိုင်တွင် အင်တာနက်အပြည့်အဝပြန်ဖွင့်ပေးရန်လိုအပ်နေ

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်က စတင်လုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံးကို Stay at Home သတ်မှတ်ထားခြင်းကြောင့် ရခိုင်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

By မင်းထွန်း 11 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၁၁ ၊ စစ်တွေ

ယခုမဲဆွယ်စည်းရုံးရေးကာလတွင် အင်တာနက်အပြည့်အဝဖွင့်ပေးရန် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေး ပါတီများ တောင်းဆိုလိုက်သည်။

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်က စတင်လုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံးကို Stay at Home သတ်မှတ်ထားခြင်းကြောင့် ရခိုင်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ယင်းသို့ အကန်အသတ်များရှိနေချိန် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရန်မှာလည်း ရခိုင်ရှိ မြို့နယ်အများ အပြားတွင် 2G အင်တာနက်လိုင်းသာရရှိသဖြင့် အခက်အခဲများရှိနေသည့်အတွက် ယခုလို  မဲဆွယ်စည်းရုံးရေး ကာလတွင် တခြားတိုင်းနှင့်ပြည်နယ်များတန်းတူ အင်တာနက်အပြည့်အဝဖွင့်ပေးရန်တောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီ(ANP) အတွင်းရေးမှူး(၁)ဦးအောင်မြကျော်က ပြောသည်။

“မြို့နယ်တချို့ကို အင်တာနက်ဖြတ်တောက်ထားတော့ ဘယ်လိုမှ ဆိုရှယ်မီဒီယာနဲ့ မဲဆွယ်လို့ရနိုင်တဲ့ အတိုင်းအတာလုံးဝမရှိဘူး။ အဲတာကြောင့်မလို့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးကာလမှာ အင်တာနက် ဖြတ်တောက်ထားမှုတွေကို လုံးဝဖွင့်ပေးဖို့အတွက်တောင်းဆိုချင်တယ်” ဟု ၎င်းကပြောသည်။

ထို့နည်းတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကလည်း ပါတီမဲဆွယ်စည်းရုံးရေးအတွက် အင်တာနက်လိုင်း အပြည့်အဝရရန်လိုအပ်ကြောင်း ထပ်လောင်းပြောသည်။

“ကျနော်တို့ ပါတီမဲဆွယ်စည်းရုံးရေးအတွက်တော့ 4G လိုတယ်။ အွန်လိုင်းကနေ မဲဆွယ်ဖို့အတွက်တော့ 4G လိုပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် 2G အင်တာနက်လိုင်းသာ အသုံးပြု၍ရရှိသည့်အတွက် ရခိုင်တွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ဆိုရှယ်မီဒီယာများမှတဆင့် မဲဆွယ်စည်းရုံးရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

အင်တာနက်အပြည့်အဝသုံးစွဲခွင့်ကိုလူတိုင်းရရှိနေပါက ၎င်းတို့လည်းရပိုင်ခွင့်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“အင်တာနက်လိုင်းရဖို့လိုတယ်ဆိုတာ ရွေးကောက်ပွဲတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ လူတိုင်းရနေရင် ကျွန်တော်တို့လည်း ရခွင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း(၆၀) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ