ရခိုင်တွင် တိုက်ပွဲကာလအတွင်း အကြမ်းဖက်ဥပဒေဖြင့် စွပ်စွဲခံရသည့် အမျိုးသမီး ၅ ဦးရှိ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွပ်စွဲခံထားသော အမျိုးသမီးများ ၅ ဦးအထိ ရှိနေကြောင်း သိရသည်။  

By အောင်ထိန် 25 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွပ်စွဲခံထားသော အမျိုးသမီးများ ၅ ဦးအထိ ရှိနေကြောင်း သိရသည်။  

ထိုသို့ အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသမီးများမှာ ကျောက်ဖြူမြို့နယ်တွင် ၃ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် ၁ ဦးနှင့် ကျောက်တော်မြို့တွင် ၁ ဦးတို့အပြင် တောင်ကုတ်မြို့နယ် ကမာကျေးရွာနေ အမျိုးသမီး ၁ ဦးမှာလည်း တပ်မတော်ထံ ဖမ်းဆီးခံနေရသည်။

“ဒီလိုမျိုးသာ ဖြစ်နေမယ်ဆိုရင် နေ့စဉ်နဲ့အမျှ အသက်ရှင်လှုပ်ရှား သွားလာမယ့်နေရာတွေမှာလည်း အမျိုးသမီး တွေအတွက် ပိုပြီးခက်ခဲမှုတွေ ရှိလာမယ်။ အခုလိုအခြေအနေတွေမှာ အမျိုးသမီးတွေကို ခြိမ်းခြောက်မှုဖြစ်စေတဲ့ အနေအထားတွေရှိနေမယ်ဆိုရင် ကျွန်မတို့ဒေသက အမျိုးသမီးတွေအတွက် အထူးစိုးရိမ်စရာတွေဖြစ်နေတယ်” ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့၏ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာမှ ဈေးဆိုင်သည် ဒေါ်ဗြားမ (၅၂)နှစ် ၊ ဒေါ်လှသန်းခင် (၄၉)နှစ်၊ ဒေါ်ခင်မျိုးဆွေ (၃၇)နှစ်တို့ ၃ ဦးတို့မှာ ဇူလိုင်လ ၂၄ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် ကျောက်ဖြူမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခံထားရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ မြို့မဈေးကြီးအနီး လက်ဖက်ရည်ဆိုင် ရောင်းချနေသည့် ဒေါ်မသန်း (၄၂)နှစ်သည် မေလအတွင်းက ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် တရား ရင်ဆိုင်နေရသည်။

ထို့အပြင် ကျောက်တော်မြို့နယ်မှ အမျိုးသမီး ၁ ဦးမှာလည်း ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)၊(၂) ဖြင့် (၁၀) လကျော်ကြာ တရားရင်ခဲ့ရပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းက ပြန်လည်လွတ်မြောက်သွားခဲ့သဖြင့် လက်ရှိအချိန်၌ အကြမ်းဖက်မှုဖြင့် အမှုဖွင့် တရားစွဲဆိုခံရသည့် အမျိုးသမီး ၄ ဦး ရှိနေသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ စစ်ဆင်ရေးတွင် စစ်ရေးအရ ပါဝင်နေလျှင် ရန်သူမှာ အမျိုးသမီး၊ အမျိုးသားခွဲခြားထားခြင်းမရှိဘဲ ကျူးလွန်သည့် အနေအထားအရ ဥပဒေအရ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၅ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရန်သူမှာတော့ အမျိုးသမီး၊ အမျိုးသားလို့ ခွဲခြားထားတာ မရှိပါဘူး။ သူတို့ရဲ့ကျူးလွန်တဲ့ပြစ်မှုနဲ့ သူတို့ရဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အနေအထားအရတော့ တရားဥပဒေအရ ဆောင်ရွက်ခံရမှာပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဗီဒီယိုများ