စစ်ပွဲဆန့်ကျင်ဆန္ဒပြကျောင်းသားများအား အရေးယူမှုအပေါ် အရပ်ဖက်အဖွဲ့ ၁၈၀ကျော် ကန့်ကွက်

ရခိုင်နှင့်ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကိုရပ်တန့်ရန် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား မတရားဖမ်းဆီး အရေးယူမှုများအပေါ် ကန့်ကွက်ကြောင်း ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်း ၁၈၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 23 Oct 2020

အောက်တိုဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စစ်တွေမြို့အတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ကျောင်းသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။

အောင်ထိန်၊ DMG
အောက်တိုဘာ ၂၃ ၊ စစ်တွေ

ရခိုင်နှင့်ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကိုရပ်တန့်ရန် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား မတရားဖမ်းဆီး အရေးယူမှုများအပေါ် ကန့်ကွက်ကြောင်း ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်း ၁၈၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

ဆန္ဒပြကျောင်းသားများအပေါ် ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေကို အာဏာဖြင့် အလွန်အကျွံ သုံးစွဲနေသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အသံအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

“ဒီအခြေအနေမျိုးမှာ တရားစွဲဆိုမှုတွေ ဒီလိုမျိုး မတရားတဲ့ဥပဒေပုဒ်မတွေ တပ်ခြင်းဟာ လုံးဝ တရားမျှတမှုမရှိဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ရိုက်ချိုးနေတယ်လို့ ကျွန်တော်တို့က မြင်တယ်”ဟု ၎င်းက ဆက်၍ပြောသည်။

လက်ရှိ ဖမ်းဆီးထားသည့် ကျောင်းသားများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ၎င်းတို့အား အရေးယူ ထားသော ပုဒ်မများကိုပါ အမြန်ဆုံးရုပ်သိမ်းပေးရန် အသံအဖွဲ့၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည်ဖြင့် အဖွဲ့အစည်း ၁၈၃ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။

ယင်းအပြင် အစိုးနှင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းတွင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ကြေငြာပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ပြည်သူလူထုအား ဒုက္ခရောက်စေသော ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား အစိုးရမှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နေအိမ်များ၊ တက္ကသိုလ်ကျောင်းများသို့ ဝင်ရောက်ဖမ်းဆီးခြင်းသည် အခြေခံလူ့ရပိုင်ခွင့်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအားဖမ်းဆီးပြီး ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခြင်းသည် ဒီမိုကရေစီအခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၈၃ ဖွဲ့တွင် ပူးပေါင်းပါဝင်ခဲ့သည့် ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြသည်။

“လူငယ်တွေက တိုင်းပြည်ရဲ့အရေးမှာ စိုးရိမ်လို့ အခုလိုလုပ်တာဖြစ်တယ်။ ဒါကို သက်ဆိုင်ရာအစိုးရနဲ့ တာဝန်ရှိ လက်နက်ကိုင်အုပ်စုတွေက နားလည်ပေးရမှာဖြစ်တယ်။အခုက အဲလိုမဟုတ်ဘဲ အကြမ်းဖက်နှိမ်နှင်းတဲ့ပုံစံ ဖြစ်နေတဲ့အခါ ဒီမိုကရေစီရဲ့သဘောသဘာဝနဲ့ လုံးဝဆန့်ကျင်နေတယ်လို့မြင်တယ်” ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တွေ မြို့ပြည်နယ်အစိုးရရုံးရှေ့၌ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်သုံးဦးက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာကျေုာင်းသားများသမဂ္ဂ (ဗကသ) မှ ဦးဆောင်ပြီး မန္တလေး၊ ရန်ကုန်၊ မိတ္ထိလာ၊ မုံရွာ စသည့်မြို့နယ်များတွင် စစ်ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ၊ ကန်ပိန်းများ၊ ပိုစတာကပ်မှုများကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ကြသော  ကျောင်းသားများအား ဖမ်းဆီးကာ ငြိမ်းစုပုဒ်မ၊ ဘေး/စီမံဥပဒေအပြင် နိုင်ငံတော်အကြည်ပျက်စေမှု စသည့်ပုဒ်မများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ပုဒ်မတို့ဖြင့်  ဖမ်းဆီးခံထားရသည့် ကျောင်းသား ၂၀ ဦးခန့်ရှိပြီး ယင်းထဲမှ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊(ခ)တို့ဖြင့် ထောင်ဒဏ် ၆ နှစ်နှင့် တစ်လ ချမှတ်ခံထားရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့် ကြာမြင့် လာနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ အရပ်သားထိခိုက်သေဆုံးမှုများလည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

ဗီဒီယိုများ