ရခိုင်တွင် သတင်းမီဒီယာများ သတင်းရယူရာ၌ ကန့်သတ်ခံရမှုများရှိလာ

ရခိုင်ပြည်နယ်တွင် သတင်းမီဒီယာများမှ သတင်းရယူရာ၌ ကန့်သတ်ခံရမှုများရှိလာနေပြီး သတင်းရယူရေးအပိုင်းတွင် ယခင်နှင့်မတူသည့် အခက်အခဲများရှိလာကြောင်း ရခိုင်က သတင်းထောက်များက ပြောဆိုသည်။

28 Aug 2021

DMG ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ်တွင် သတင်းမီဒီယာများမှ သတင်းရယူရာ၌ ကန့်သတ်ခံရမှုများရှိလာနေပြီး သတင်းရယူရေးအပိုင်းတွင် ယခင်နှင့်မတူသည့် အခက်အခဲများရှိလာကြောင်း ရခိုင်က သတင်းထောက်များက ပြောဆိုသည်။

ဌာနဆိုင်ရာများနှင့်သက်ဆိုင်သည့် သတင်းများကိုရယူရာ၌ ဌာနအချို့မှ တာဝန်ရှိသူများနှင့် အင်တာဗျူးရရှိရန်ခက်ခဲကြောင်း ဆိုကြသည်။

ယင်းအပြင် ပြည်နယ်ကောင်စီမှ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းရာတွင်လည်း နှောက်နှေးကြန့်ကြာမှုများနှင့်ကြုံရကြောင်း သတင်းမီဒီယာများက ပြောဆိုသည်။

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာက “အစိုးရနဲ့ပတ်သက်တဲ့သတင်းတွေ၊ အစိုးရရဲ့အတည်ပြုချက်ရယူဖို့လိုအပ်တဲ့သတင်းတွေမှာ ဆက်သွယ်လို့မရဘဲ သတင်းထုတ်လုပ်ရတဲ့ခါမှာတော့ ကျွန်တော်တို့စိုးရိမ်စရာဖြစ်ရတယ်ပေါ့။ အဲဒီလို အတည်ပြုချက်မရဘဲ ထုတ်လွှင့်ရတဲ့အတွက်လည်း သူတို့ရဲ့(ပြည်နယ်ကောင်စီ) complain တွေ တက်လာလို့ရှိရင်လည်း ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်တွင်း၊ပြည်ပသတင်းမီဒီယာများတွင် စစ်ကောင်စီဟုသုံးနှုန်းခဲ့ကြပြီး ယင်းသို့မသုံးရန်နှင့် သုံးနှုန်းပါက အရေးယူမှုများရှိလာမည်ဖြစ်ကြောင်း ရခိုင်ကသတင်းမီဒီယာများကိုပြောဆိုလာခြင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုထိခိုက်စေကြောင်းလည်း သတင်းထောက်များက ဆိုသည်။

ယင်းအပြင် တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအားဆက်သွယ်ရာ၌ ခက်ခဲမှုကိုကြုံနေရကြောင်း ရခိုင်အခြေစိုက် Narinjara သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုမာန်ယုကျော်ကပြောသည်။

“စစ်တပ်နဲ့ဆိုင်တဲ့သတင်းတွေ အတည်ပြုချက်မရတဲ့အခါကျတော့ သတင်းရေးတဲ့အခါအခက်အခဲဖြစ်ရတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ခုခုတိမ်းစောင်းသွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကို အချိန်မရွေးဖမ်းဆီးအရေးယူနိုင်တယ်ပေါ့။ အဲဒါလေးတွေကိုသတိထားပြီးတော့ ချင့်ချိန်ရေးသားနေရပါတယ်”ဟု ကိုမာန်ယုကျော်ကဆိုသည်။

ပြည်နယ်ကောင်စီမှ ယခင်က သတင်းမီဒီယာများနှင့်တွေ့ဆုံကာရှင်းလင်းပွဲများပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ယင်းသို့ရှင်းလင်းမှုများ အားနည်းလာနေသည်ကိုလည်း တွေ့ရသည်။

ယနေ့သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့ သက္ကယ်ပြင်ဒုက္ခသည်စခန်း၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများကို သတင်းရယူရန်သွားရောက်သည့် သတင်းထောက်များကိုလည်း သတင်းရယူခွင့်မပြုဘဲ ခွင့်ပြုချက်ပါမှသာသတင်းရယူခွင့်ပြုမည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ