စစ်တွေမြို့နယ်တွင် ယခုလအတွင်း ဓာတ်လိုက်သေဆုံးသူ ၅ ဦးထိရှိလာ

မိုးရာသီရောက်လာသည်နှင့်တစ်ပြိုင်နက် ဓာတ်လိုက်မှုများကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများ များပြားလာရာ စစ်တွေမြို့နယ်တွင်လည်း ယခုလ ၁၈ ရက်နေ့အထိ ဓာတ်လိုက်သေဆုံးသူ ၅ ဦးအထိရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

18 May 2022

မေလ ၁၈ ရက်နေ့က ဓာတ်လိုက်သေဆုံးသူအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သယ်ဆောင်ယူလာစဉ်။

DMG ၊ မေလ ၁၈

မိုးရာသီရောက်လာသည်နှင့်တစ်ပြိုင်နက် ဓာတ်လိုက်မှုများကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများ များပြားလာရာ စစ်တွေမြို့နယ်တွင်လည်း ယခုလ ၁၈ ရက်နေ့အထိ ဓာတ်လိုက်သေဆုံးသူ ၅ ဦးအထိရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့မေလ ၁၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်ကလည်း စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့သည်။ လုပ်ငန်းခွင်ရှိ ဝါယာကြိုးများကိုသိမ်းယူလာစဉ် ဓာတ်လိုက်သေဆုံးခြင်းဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ကိုသားချေကပြောသည်။

“အေးစေတီအနောက်ဘက် အုန်းတပင်ရပ်ကွက်မှာ လုပ်ငန်းခွင် တစ်ခုရှိပါတယ်။ အဲဒီမှာ သူကဝါယာကြိုးကို သိမ်းယူတဲ့အခါ မိုးတွေလည်း ရွာနေတယ်လေ။ မိုးလည်းရွာနေတော့ ဝါယာကြိုးကိုသိမ်းပြီးယူလာတဲ့အခါ လဲကျသွားတယ်လို့ သူ့သူငယ်ချင်းကပြောပါတယ်”ဟု သူကပြောသည်။

ယခုကဲ့သို့ မိုးဦးရာသီကာလတွင် လျှပ်စစ်နှင့်ပတ်သက်ပြီး လုပ်ကိုင်သူများအနေဖြင့် မပေါ့ဆသင့်ကြောင်းနှင့် နေအိမ်များတွင်လည်း လျှပ်စစ်ပစ္စည်းများကို စနစ်တကျကိုင်တွယ်ရန်လိုအပ်သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောသည်။

“အဓိက မပေါ့ဆသင့်ဘူး။ မီးကို သွယ်တန်းတဲ့သူတွေအတွက်လည်း ဝါယာကြိုးတွေကို စနစ်တကျနဲ့သွယ်တန်း‌စေချင်တယ်။ လုပ်နေတဲ့သူတွေမှာလည်း ဝါယာမီးကြိုးဖြစ်တဲ့အတွက် စနစ်တကျနဲ့လုပ်စေချင်တယ်”ဟု ၎င်းကတိုက်တွန်းသည်။

ယမန်နေ့ မေလ ၁၇ ရက်နေ့ကလည်း လမ်းမတော်မြောက်၊ ဆတ်ရိုးကျတံတားအောက်တွင် စက်လှေပြင်နေစဉ် ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးသွားခဲ့သည်။ ထို့ပြင် မေလ ၄ ရက်နေ့ကလည်း စက်ရုံစုရပ်ကွက်၊ တေဇာရာမသရက်တောကျောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူတစ်ဦးလည်း နေအိမ်ပြုပြင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခဲ့သည်။

အလားတူ မေလ ၁၃ ရက်နေ့ကလည်း မြို့သူကြီးရပ်ကွက်တွင် နေထိုင်သူတစ်ဦး ခေါင်မိုးပြုပြင်နေစဉ် ဓာတ်လိုက်သေဆုံးသွားကာ မေလ ၁၄ ရက်နေ့ကလည်း စစ်တွေမြို့ အာကျိပ်တော်ကုန်း သုဿာန်အနီးတွင်နေထိုင်သူတစ်ဦးသည် ယာယီတဲထိုးနေစဉ် ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း စစ်တွေအခြေစိုက် လူမှုကူ ညီရေးအဖွဲ့အစည်းများထံမှ သိရသည်။

ဗီဒီယိုများ