စစ်တွေတွင် စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်ပြီး လူထုစကားဝိုင်းပြုလုပ်

စားသုံးသူရေးရာဥပဒေနှင့်ပြည်သူများအကြား စားသုံးသူအခွင့်အရေးများကို သိရှိလာစေရန်၊လုံခြုံစိတ်ချရသော အစားအသောက်များရရှိလာစေရန် ရည်ရွယ်၍ မတ်လ ၁၉ ရက်နေ့က စစ်တွေမြို့ စားသုံးသူရေးရာဦးစီးဌာန ရုံးတွင် လူထုစကားဝိုင်းပြုလုပ်ခဲ့သည်။

By ဝင်းညွန့် 20 Mar 2020

ဝင်းညွန့် | DMG
မတ် ၂၀ ၊ စစ်တွေ

စားသုံးသူရေးရာဥပဒေနှင့် ပြည်သူများအကြား စားသုံးသူအခွင့်အရေးများကို သိရှိလာစေရန်၊ လုံခြုံစိတ်ချရသော အစားအသောက်မျာ းရရှိလာစေရန် ရည်ရွယ်၍ မတ်လ ၁၉ ရက်နေ့က စစ်တွေမြို့ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် လူထုစကားဝိုင်း ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ဈေးကွက်တွင်းရောင်းချနေသော ငပိများ၊ မုန့်ဖတ်များနှင့် ပဲပြားများတွင် ဓာတ်မြေသြဇာနှင့် တားမြစ် ဆိုးဆေးများကို အသုံးပြုထားကြသည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့အသုံးပြုထားသည့် စားသုံး ကုန်များကို FDAနှင့်ပူးပေါင်းကာ ဈေးကွက်တွင်းသို့ သွားရောက်စစ်ဆေးပြီး သိမ်းယူ၊ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရသည်။

“အစားအသောက်တွေ၊ ဆေးဝါးတွေ၊ အကုန်ပေါ့။လုံခြုံစိတ်ချရတယ်ဆိုတာက သန့်ရှင်းရမယ်။ ပြီးတော့ စားသုံးတဲ့အစားအစာတွေကို ကျန်းမာရေးဌာနကနေပြီးတော့ ထောက်ခံထားတဲ့ အချက်အလက် တွေ ပါရမယ်။ ဒီအစားအစာတွေစားလို့ရှိရင် ဘေးအန္တရာယ်တွေမဖြစ်ဘူး။ ဒီလိုအစားအစာတွေကို ကျွန်တော်တို့ လုံခြုံစိတ်ချရတဲ့အစားအစာတွေလို့ သတ်မှတ်ထားတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဇော်ထွန်းက ပြောသည်။

ထိုစကားဝိုင်းကို ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဌာနတို့က တက်ရောက်ဆွေးနွေးခဲ့သည်။

“ပြည်သူ့တွေအနေနဲ့တော့ လုံခြုံတဲ့အစားအစာတွေ ရနိုင်ဖို့အတွက် ဥပဒေမူဝါဒတွေနဲ့ ကာကွယ်ပေးဖို့လိုသလို ပြည်သူတွေကလည်း လုံခြုံတဲ့အစားအစာတွေကို ရွေးချယ်ဖို့လိုတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒေသထွက်ကုန်တွေကို ပိုပြီးတော့ အားပေးဖို့လိုတယ်။ ဒေသထုတ်ကုန်တွေကို သုံးစွဲဖို့လိုတယ် ” ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်တာဝန်ခံ မဦးခင်သိန်းက ပြောသည်။

ဗီဒီယိုများ