ကိုဗစ်ပိုးတွေ့လူနာအမှတ် ၃၃၉ နှင့် ထိတွေ့ခဲ့သူကို ၁၀ ရက်ခန့်ကြာမြင့်သည့်တိုင် ရှာမတွေ့သေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်-၃၃၉ နှင့် ထိတွေ့ခဲ့သူကို ယနေ့အချိန်အထိ ရှာမတွေ့သေးဟု ကျောက်တော်မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

By ဝင်းညွန့် 22 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်-၃၃၉ နှင့် ထိတွေ့ခဲ့သူကို ယနေ့အချိန်အထိ ရှာမတွေ့သေးဟု ကျောက်တော်မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

ထိုသို့ ထွက်ပြေးသွားသူသည် ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင်ရောက်လာသူဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူ လူနာအမှတ်- ၃၃၉ နှင့် ထိတွေ့ခဲ့သူဖြစ်သည်။

လက်ရှိအချိန်၌ ၎င်းအား ကျောက်တော်မြို့နယ်တွင် ရှာမတွေ့ကြောင်း ယင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “သူကိုတော့ အခုထိရှာမတွေ့သေးဘူး။ အစိုးရအဖွဲ့ကလဲ သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို အကြောင်းကြားထားတယ်။ လူနာကတော့ အခြေအနေကောင်းတယ်။ ကျွန်တော်တို့ နှစ်ကြိမ်စစ်ပြီးပြီ။ အကုန်လုံး Negative ထွက်တယ်” ဟု ရှင်းပြသည်။

လူနာအမှတ် - ၃၃၉ သည် ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၂ ဦးကို ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းမှ ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့က စက်လှေဖြင့်သွားခေါ်ခဲ့ပြီး အင်ဘာရီကျေးရွာတွင် အသွားအလာကန့်သတ်၍ နေထိုင်ကြရာကနေ တရားမဝင် ဝင်ရောက်လာသူတစ်ဦးမှာ ဇွန်လ ၁၄ ရက်နေ့တွင် ထွက်ပြေးသွားခြင်းဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံမှ ကျောက်တော်မြို့နယ် ရောင်စုံကျေးရွာသို့ ပြန်လာသူတစ်ဦးမှာလည်း ကျေးရွာရှိ စာသင်ကျောင်းတွင် အသွားအလာကန့်သတ်ထားရာမှ ဇူလိုင် ၁၄ ရက်နေ့က အပေါက်ဝတိုက်နယ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

၎င်းမှာ ကိုရိုနာရောဂါကြောင့် သေဆုံးခြင်းမဟုတ်ဘဲ သွေးတိုး၍ အဆုတ်ရောင်ရောဂါဖြင့် လေဖြတ်ပြီး သေဆုံး ရခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တို့၌ ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း(၇)ဦး ရှိနေပြီး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းသွားသူ ၈ ဦး ရှိခဲ့သည်။

ဗီဒီယိုများ