AA ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ် အချိန်ကြန့်ကြာမှုရှိနေ

ရက္ခိုင့်တပ်တော်(ULA/AA)ကို Covid-19 ရောဂါကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြားထားသော်လည်း အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

26 Oct 2021

DMG ၊ အောက်တိုဘာ ၂၆

ရက္ခိုင့်တပ်တော်(ULA/AA)ကို Covid-19 ရောဂါကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြားထားသော်လည်း အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

Covid-19 ကာကွယ်ဆေးထိုးမည့် ဦးစားပေးအုပ်စုများထဲမှ (EAOs)အုပ်စုတွင် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က ပြည်နယ်စစ်ကောင်စီမှ ပြောဆိုခဲ့သည်။

AA တပ်ဖွဲ့ဝင်များကို Covid-19 ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်မှာ ပြည်ထောင်စုအဆင့်မှ စီစဉ်ဆောင်ရွက်နေသည့် ကိစ္စဖြစ်ပြီး လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့ ညှိနှိုင်းနေသည်ဟုသိရှိရကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“အဲဒီဟာတွေ ထိုးပေးဖို့အပိုင်းကျတော့ တပ်မတော်နဲ့ AA ကြားမှာ ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စလို့သဘောပေါက်တယ်။ လောလောဆယ်တော့ ထိုးတာမတွေ့သေးဘူးလို့ပြောရမှာပေါ့။ ဒါပေမဲ့ အတိအကျတော့မသိဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်နယ်အစိုးရက စီမံပြီးလုပ်တဲ့ဟာမဟုတ်ဘူး။ ထိုးရင်တော့ သိမှာပဲထင်တယ်။ တကယ်လို့ တပ်နဲ့ညှိနှိုင်းပြီး ထိုးတယ်ဆိုရင်လည်း တပ်ပိုင်းဆိုင်ရာက ပြည်နယ်အစိုးရကိုအသိပေးမယ်ထင်တယ်” ဟု ၎င်းကပြောသည်။

AA တပ်ဖွဲ့ဝင်များကို Covid-19 ကာကွယ်ဆေးထိုးပေးရန် ပြည်ထောင်စုမှ ခွင့်ပြုချက်ရသည်နှင့် ဆေးများ ချက်ချင်းထုတ်ပေးနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း ပြည်နယ်ကောင်စီက ပြောဆိုထားသည်။

Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သတ်၍ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

စစ်ကောင်စီမှပေးမည့် Covid-19 ရောဂါ ကာကွယ်ဆေးအပေါ်မူတည်၍ ပြည်သူများကိုအဓိကထားပြီး ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော်(ULA/AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၁ ရက်နေ့က DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်သော ဒေသနေပြည်သူများကိုဆေးထိုးပေးနိုင်ရန် ကနဦးလျာထားကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂ သိန်းကျော်ကို အောက်တိုဘာလ ၁၇ နေ့မှစတင်ကာ Covid-19 ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်အတွင်း Covid-19 ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၄ သိန်းကျော်အထိရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဗီဒီယိုများ