ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူများ ထပ်တွေ့ကြောင်းဆို

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် ကိုဗစ်ပိုးတွေ့ရှိမှုလျော့ကျလာနေသော်လည်း ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ဆက်ရှိနေကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

27 Sep 2021

DMG ၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် ကိုဗစ်ပိုးတွေ့ရှိမှုလျော့ကျလာနေသော်လည်း ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ဆက်ရှိနေကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

ပြည်နယ်စစ်ကောင်စီ၏ စက်တင်ဘာလ ၂၆ ရက်နေ့စာရင်းအရ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ကိုဗစ်ပိုးမတွေ့ရှိသည်မှာ တစ်ပတ်ခန့်ရှိသွားပြီဖြစ်ကာလက်ရှိတွေ့ရှိမှုမှာ ယင်းမြို့နယ်ရှိ တပ်ဆေးရုံမှ တွေ့ရှိခြင်းသာဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာစောမင်းသန်းကပြောသည်။

“ကိုဗစ်ကတော့ ကျွန်တော်တို့မြို့နယ်ဆေးရုံမှာမတွေ့တော့ဘူး။ စစ်ဆေးရုံမှာတော့ တွေ့နေတုန်းပဲပေါ့။ လူနာအနေနဲ့ဆိုရင်လည်း မနေ့ကကျန်တဲ့တစ်ယောက်လည်းဆေးရုံကဆင်းသွားပြီ။ တက်ရောက်ကုသဆဲလူနာလည်းမရှိတော့ဘူး”ဟု ဒေါက်တာစောမင်းသန်းကပြောသည်။

ဘူးသီးတောင်မြို့တွင် မြို့နယ်ဆေးရုံအတိုင်းအတာအရ ကိုဗစ်တတိလှိုင်းအတွင်း ပိုးတွေ့လူနာ ၁၇၄ ဦး၊ သေဆုံးသူ ၆ ဦးရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

ရခိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့ရှိသူနှင့် သေဆုံးမှုနှုန်းမှာ ကိုဗစ်ဒုတိယလှိုင်းထက် ၇ ဆကျော်အထိမြင့်တက်ခဲ့သော်လည်း ပြီးခဲ့သည့်သြဂုတ်ဆန်းပိုင်းမှစ၍ ပိုးတွေ့ရှိနှုန်းတဖြည်းဖြည်းလျော့လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှုလျော့ကျမှုရှိသော်လည်း ဂွမြို့နယ်တွင် ကိုဗစ် ကူးစက်မှုလျော့ကျခြင်းမရှိသဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဂွမြို့နယ်ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စံက “ ပိုးတွေ့လူနာတွေက အခုတော့တဖြည်းဖြည်းလျော့ လာနေပါပြီ” ဟု ပြောသည်။

ဂွမြို့နယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့စာရင်းအရ ပိုးတွေ့လူနာ ၁၀၀၃ ဦး နှင့် သေဆုံးသူ ၃၂ ဦးပြီး ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကိုဗစ်ပိုးလူနာ ၄ ဦးသာတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအသိရသည်။

ရခိုင်ပြည်အတွင်း ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့တွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် စက်လှေသ မား အယောက် ၄၀ ကိုစစ်ဆေးရာမှ လေးဦးမှာကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်မှာ ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း သေဆုံးသူ ၃၇ ဦးနှင့် ရောဂါကူးစက်ခံရသူ ၄၂၀၀ ကျော်ရှိ ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကိုဗစ်တတိယလှိုင်းအတွင်း စက်တင်ဘာလ ၂၆ ရက်နေ့အထိ ရခိုင်တစ်ပြည်နယ်လုံးတွင် ပိုးတွေ့ရှိသူ ၄၈၃၂ ဦးနှင့် သေဆုံးသူ ၄၆၆ ဦးအထိရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ