မွန်ပြည်နယ်တွင် ၁၀ ရက်အတွင်း ကိုဗစ်တွေ့ရှိသူ ၁၇၀ ကျော်ရှိ

မွန်ပြည်နယ်တွင် ယခုဖေဖော်ဝါရီလပထမအပတ်မှစပြီး ကိုဗစ်ကူးစက်ခံရသူ ပိုမိုများပြားလာနေကြောင်း ဒေသခံပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

11 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်တွင် ယခုဖေဖော်ဝါရီလပထမအပတ်မှစပြီး ကိုဗစ်ကူးစက်ခံရသူ ပိုမိုများပြားလာနေကြောင်း ဒေသခံပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀ ဦးသာရှိခဲ့ပြီး ယခုဖေဖေါ်ဝါရီလ၌ ဆယ်ရက်အတွင်းကူးစက်ခံရသူ ၁၇၅ ဦးအထိရှိလာကြောင်း မော်လမြိုင်မြို့မှ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

"အရင်လတုန်းက ကိုဗစ်ကူးစက်ခံရသူက နည်းနည်းပဲရှိတယ်။အခုလအစကနေပိုပြီးကူးစက်ခံရတာ။ အများဆုံးက သံဖြူဇရပ် အခြားမြို့နယ်တွေမှာလည်း ကူးစက်ခံနေရပါတယ်။ မော်လမြိုင်မှာဆိုလဲ အတူတူပါပဲ"ဟု ၎င်းက DMG ကိုပြောသည်။

ထိုသို့ကူးစက်မှုမှာ ချောင်းဆုံမြို့နယ်တွင်အများဆုံးဖြစ်ပြီး သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့မှာ ဒုတိယအများဆုံးဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့နယ် ကျိုက်ခမီအထက်တန်းစာသင်ကျောင်းတွင် ကိုဗစ်ကူးစက်ခံရသည့် ကျောင်းသားကျောင်းသူ ၅၀ ဦးအထိရှိခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ ချောင်းဆုံ ၊ မုဒုံ ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့၌လည်း ကျောင်းသားကျောင်းသူ ၁၀၀ ဦးထက်မနည်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရသည်။

ယခုကဲ့သို့ ကိုဗစ်ကူးစက်မှုများပြားလာမှုကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များကို မပျက်မကွက်လိုက်နာရန်လိုအပ်ကြောင်း မော်လမြိုင်မြို့ရှိ သူနာပြုဆရာမတစ်ဦးကဆိုသည်။

"အခုဆိုရင် မော်လမြိုင်မှာလည်းပိုကူးလာတယ်။ လူတွေက စည်းကမ်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာကအစပေါ့၊ အဲဒါတွေလိုက်နာရမယ်ပေါ့။ လက်ရှိအခြေအနေအရဆိုရင် ပြည်သူတွေပိုမိုလိုက်နာဖို့လိုအပ်ပါတယ်"ဟု ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် Myanmar Asia Optical(မှန်ဘီလူး)စက်ရုံမှ ဝန်ထမ်းများကို ပြီးခဲ့သည့်ဇန်နဝါရီလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ၇၁၈ ဦးအထိ အစုလိုက်အပြုံလိုက် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ကိုဗစ်မျိုးကွဲ အိုမီခရွန်မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် ဖြစ်ပွားလျက်ရှိပြီး စုစုပေါင်း အိုမီခရွန်ပိုးတွေ့သူ ၃၀၀ ကျော်ထိရှိနေပြီဖြစ်သည်။

ဗီဒီယိုများ