နိုင်ငံတကာမှ လေကြောင်းခရီးနှင့် မြန်မာနိုင်ငံကို ဝင်ရောက်မည့်သူများအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးပါက ကိုဗစ် စစ်ဆေးစရာမလိုတော့

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်နှင့် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးပြီဆိုပါက ကိုဗစ်ပိုးကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်ဆေးစရာမလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ သိရသည်။

16 Jun 2022

DMG ၊ ဇွန် ၁၆

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်နှင့် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးပြီဆိုပါက ကိုဗစ်ပိုးကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်ဆေးစရာမလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ သိရသည်။

ယခင်က နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများသည် ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်းရှိ၊ မရှိကို Real Time - Polymerase Chain Reaction (RT-PCR) စနစ်ဖြင့် ကြိုတင်စစ်ဆေးမှုခံယူခဲ့ရပြီး ရောဂါပိုးမတွေ့ရှိမှသာ မိမိသွားလိုသည့် အရပ်ဒေသကို သွားရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။  

သို့သော်လည်း လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့်နေ့မတိုင်မီ ၁၄ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီသူများသည်  မြန်မာနိုင်ငံသို့ဝင်ရောက်ပါက (PCR) စနစ်ဖြင့် ကိုဗစ်စစ်ဆေးစရာမလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက DMG သို့ပြောသည်။

“ နိုင်ငံတကာက လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ဝင်လာမယ်ဆိုရင် အရင်တုန်းကကြိုပြီးတော့ ဆေးစစ်ရတယ်။ အခုတော့ မစစ်ရတော့ဘူး။ အကြိမ်ပြည့်ပေါ့နော်၊ အကြိမ်ပြည့်ဆိုတာက အနည်းဆုံး ၂ ကြိမ်ထိုးပြီးသူဖြစ်ရမယ်။ ၂ ကြိမ်ထိုးပြီးတော့ ၁၄ ရက်ကြာတဲ့သူတွေအနေနဲ့ ဆေးစစ်စရာမလိုတော့ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပြီးဖြစ်သည့် စာရွက်စာတမ်း/အထောက်အထားများကို မြန်မာနိုင်ငံသို့ ရောက်မည့် လေယာဉ်ပေါ်သို့တက်ရောက်ရန် စာရင်းသွင်းစဉ် လေကြောင်းလိုင်းဝန်ထမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအရာရှိများကိုလည်းကောင်း အသီးသီးပြသရမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသူများနှင့် ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထား မတင်ပြနိုင်သူများကို အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မည်ဖြစ်ပြီး RT-PCR ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို ၃ ရက်မြောက်နေ့တွင် ဆောင်ရွက်၍ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက မိမိနေရပ်သို့ပြန်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

RT-PCR ဆိုသည်မှာ COVID-19 virus ပိုး၏မျိုးရိုးဗီဇဖြစ်သည့် RNA(Ribonucleic Acid) RT-PCR နည်းပညာ (Real Time - Polymerase Chain Reaction)နှင့် စစ်ဆေးခြင်းဖြစ်ပြီး လူအများအပြားကို RDT test နှင့် စစ်ဆေးသလို လွယ်လွယ်ကူကူ စစ်ဆေး၍မရဘဲ အရည်အသွေးမြင့် Molecular ဓာတ်ခွဲခန်းကြီးတွင်သာ စစ်ဆေးနိုင်ခြင်းဖြစ်ကြောင်း ဆေးပညာအသိုင်းအဝိုင်း၏ လူမူကွန်ယက်စာမျက်တွင် ဖော်ပြထားချက်အရသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ ပြည်တွင်းလေကြောင်းခရီး လိုက်ပါမည်ဆိုပါက ၄၈ နာရီအတွင်း (Rapid Diagnostic Test-RDT) ကိုဗစ်ပိုးစစ်ဆေးမှုခံယူရမည်ဟု ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကသတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းလေကြောင်းခရီးစဉ်တွင် လိုက်ပါရာလာသည့် ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးပါက ကိုဗစ်စစ်ဆေးရန်မလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ