ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကြောင့် ရခိုင်ပါတီများ မဲဆွယ်စည်းရုံးရေးမလုပ်နိုင်သေး

ကိုဗစ်ကြောင့် အကန်အသတ်များရှိချိန် ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်စည်းရုံးရန်မှာလည်း ရခိုင်မြို့နယ်အများ အပြားတွင် 2G အင်တာနက်လိုင်းသာရရှိသည့်အတွက် အခက်အခဲများရှိနေသည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

By မင်းထွန်း 11 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၁၁ ၊ စစ်တွေ

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များကြောင့် ရခိုင်ပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်ဆောင် နိုင်သေးကြောင်း သိရသည်။

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှစ၍ ခွင့်ပြုထားသော်လည်း ကိုဗစ်ရောဂါကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်များအားလုံးကို Stay at home သတ်မှတ်ထားသည့်အတွက် မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ် နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP) အတွင်းရေးမှူး(၁) ဦးအောင်မြကျော်က ပြောသည်။

“Stay at home လုပ်ထားတဲ့ မြို့နယ်တွေမှာ မဲဆွယ်ခွင့်ကိုပိတ်လိုက်တဲ့သဘောမျိုး သက်ရောက်တဲ့ အမိန့် ညွှန်ကြားချက်တွေပါလာတယ်။ Stay at Home ဆိုတဲ့အတိုင်း အပြင်ထွက်ပြီးရင် လူစုလူဝေးလုပ်ခွင့်မရှိဘူး။ အိမ်တိုင်ရာရောက် လုပ်ခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုး ညွှန်ကြားချက်ထွက်လာတော့ ကျနော်တို့ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ အရမ်းအခက်အခဲရှိတဲ့ အတိုင်းအတာဖြစ်သွားတာပေါ့” ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလတွင် နေအိမ်အတွင်းနေထိုင်ရန် Stay at home အစီအစဉ်သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အအုံများအတွင်းမဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများကို လုံးဝ (လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကပြောသည်။

“အခုက ဘာမှမလုပ်ရဘူးဆိုတဲ့ သဘောပြောထားတာပေါ့နော်။ ဆိုတော့ ဗီနိုင်းတွေ ထောင်လို့ရမယ်ဆိုတဲ့ သဘော၊ အွန်လိုင်းမီဒီယာကို သုံးလို့ရမယ်ဆိုတဲ့သဘော အဲလောက်ပဲပြောထားတာ တွေ့ရပါတယ်။ Stay at home အနေအထားမှာ ချထားတဲ့မြို့တွေအနေနဲ့ ဒီလောက်ပဲလုပ်လို့ရမယ်လို့ ထုတ်ပြန်ချက်မှာတွေ့ပါတယ်။ ဆိုတော့အဲဒီအတိုင်းပဲ လုပ်ရမှာပေါ့” ဟု သူကပြောသည်။

ကိုဗစ်ကြောင့် အကန်အသတ်များရှိချိန် ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်စည်းရုံးရန်မှာလည်း ရခိုင်မြို့နယ်အများ အပြားတွင် 2G အင်တာနက်လိုင်းသာရရှိသည့်အတွက် အခက်အခဲများရှိနေသည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီ အချိန်မှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ဗီဒီယိုများ