ကိုဗစ်ထောက်ပံ့ငွေကိစ္စ ရခိုင်မှ မြို့နယ်တစ်ချို့တွင် အငြင်းပွားမှုများဖြစ်ပေါ်

ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် အစိုးရမှပေးအပ်သည့် ထောက်ပံငွေကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

21 Nov 2020

ကျော်သူဌေး၊ အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၂၁ ၊ စစ်တွေ

ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် အစိုးရမှပေးအပ်သည့် ထောက်ပံငွေကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

အစိုးရမှ ကိုဗစ်ကာလအတွင်းတွင် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်လေးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးရာတွင် ရခိုင်မှ အချို့နေရာများတွင် ထောက်ပံ့ငွေ တစ်ကြိမ်တစ်ခါမှ မရရှိသူများနှင့် ထောက်ပံ့ငွေ တစ်ဝက်သာရရှိသူများ ရှိနေသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈)နှင့်(၉)တွင် နေထိုင်ကြသည့် အမျိုးသမီး ၅၀ ကျော်မှာ ထောက်ပံ့ငွေ မရရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လာရောက်ကာ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးရန် တောင်းဆိုခဲ့ကြသည်။

“ကျမတို့ တစ်ကြိမ်မှမရသေးပါဘူး။ ထောက်ပံ့ကြေးပေးတယ်လို့ ကျမတို့သတင်းကြားတဲ့အတွက် သွားတောင်းတဲ့အခါ မပေးဘူး။ အဲဒါကို မကျေနပ်လို့ ကျမတို့လာပြီးဆန္ဒပြရတာပါ။ မရတဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့စိတ်ထင်တဲ့ သူတွေကိုပဲ ပေးသွားပါတယ်” ဟု မင်းဂံရပ်ကွက်(၈)တွင် နေထိုင်သည့် ဒေါ်ဖြူဖြူသိန်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လက်တို့စနစ်နှင့် ၎င်းတို့၏ဆွေမျိုးများကိုသာ ထောက်ပံ့ငွေများကို ပေးနေသည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်။

ယခုကဲ့သို့ အစိုးရ၏ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မျှမျှတတပေးစေချင်သည်ဟု မင်းဂံရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ကျော့စိန်က ဆိုသည်။

“အခု ကိုဗစ်ကာလမှာ လူတွေအများကြီးက ဆင်းရဲကြပ်တည်းနေကြတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း မျှမျှတတပေးစေချင်တယ်။ အထက်လူကြီးတွေအနေနဲ့လည်း ဒါကိုခေါ်ယူပြီးတော့ ဖြေရှင်းပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

စစ်တွေမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်နှင့် အမ်းမြို့နယ်များ တွင်လည်း အစိုးရ၏ ကိုဗစ်ကာလအတွင်း ထောက်ပံ့ငွေကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ပေါက်တောမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအချို့တွင်လည်း နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေကို အခြေခံလူတန်းစားများ မရရှိကြသလို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သည့်သူများကသာ ရရှိနေသဖြင့် လာရောက်တိုင်တန်းထားခြင်းများရှိသည်ဟု ရခိုင်အမျိုးသမီးများအစည်းအရုံး ပေါက်တောမြို့နယ်တာဝန်ခံ ဒေါ်တင်တင်အေးမှ ပြောသည်။

ယင်းအပြင် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာတွင်လည်း အစိုးရက တစ်အိမ်ထောင်ကို ထောက်ပံ့ငွေ လေးသောင်းကျပ်ပေးရာတွင် ခုနှစ်ထောင်ကျပ်သာရရှိကြသည်ဟု ကျေးရွာသားများထံမှ သိရသည်။

သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာတွင်လည်း အစိုးရက အိမ်ထောင်စု(၈၆)စုအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် အိမ်ထောင်စု (၆၀)သာ ရရှိကြသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

မာန်အောင်မြို့နယ်တွင်လည်း ကိုဗစ်ထောက်ပံ့ငွေမရရှိသဖြင့် ၂ ရက်အတွင်း လာရောက်အကူအညီ တောင်းခံသူ ၇၀၀ ကျော်အထိရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိန်သာထွန်းက ပြောသည်။

“အများပြည်သူအတွက် မရတဲ့သူကို ရအောင်လို့ ကူညီပံ့ပိုးပေးတယ်။ တိုင်လာတဲ့ လူအားလုံးပေါင်း ၇၀၀ ကျော် လောက်ရှိတယ်။ ရသင့်၊ရထိုက်တဲ့ တောင်သူလယ်သမားတွေက မရကြဘဲ အခွင့်အရေး ဆုံးရှုံးနေကြတယ်။ ဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးလို့ မပေးဘူး။ တိုင်ချင်တဲ့နေရာမှာတိုင်၊ လုပ်ချင်သလို လုပ်လို့ ပြောတယ်” ဟု ဦးစိန်သာထွန်းက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ကာလထောက်ပံ့ငွေ လေးသောင်းကျပ်ကို နိုင်ငံတော်အစိုးရမှ ယခုလ ၁၃ ရက်နေ့ကစတင်ကာ ထုတ်ပေးနေပြီး ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့်ကျန်ခဲ့လျှင် တိုင်စာဌာနသို့ တိုင်ကြားနိုင်သည်ဟု ပြည်သူများအားပန်ကြားထားသည်။

အစိုးရ၏ ထောက်ပံ့ငွေများကို တန်းတူရရှိရေးနှင့် လက်ရှိဖြစ်ပွားနေသည့် အငြင်းပွားမှုများကို တာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ထောက်ပံ့ငွေမရရှိသောသူများက တောင်းဆိုနေကြသည်။

ဗီဒီယိုများ