ရခိုင်က စစ်ဘေးရှောင်စခန်းတချို့တွင် စားနပ်ရိက္ခာများနှင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလိုအပ်နေ

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်များဖြစ်သည့် (Mask) နှာခေါင်းစည်း၊ လက်ဆေးစင်၊ ဆပ်ပြာစသည့် လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

22 Jul 2021

မြေပုံမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်။ (ဓါတ်ပုံ - R002)

DMG ၊ ဇူလိုင် ၂၂

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်များဖြစ်သည့် (Mask) နှာခေါင်းစည်း၊ လက်ဆေးစင်၊ ဆပ်ပြာစသည့် လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာများလိုအပ်ချက်ရှိနေပြီး လက်ရှိတွင် ဆန်များကို မိသားစုနည်းသည့်စစ်ဘေးရှောင်များထံမှ ချေးငှားပြီး စားသောက်နေကြရကြောင်း အဆိုပါ စစ်ရှောင်စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။

“ဆန်ရိက္ခာတစ်ခုတော့ အဆင်မပြေသေးဘူး။ဟင်း/ငါးတွေကိုတော့ နည်းနည်းပါးပါးအလှူရှင်တွေဆီက ရတာတွေကို စုပြီးတော့ဝယ်ပေးနေတယ်။ဆန်တစ်ခုတော့လိုအပ်နေတယ်။အခုက လူဦးရေနည်းတဲ့ မိသားစုတွေမှာကျန်ရှိသေးတဲ့ဆန်တွေကို ချေးငှားပြီး စားသောက်နေကြတယ်” ဟု သူကဆိုသည်။

လူဦးရေ လေးထောင်ခန့်ရှိသည့် အဆိုပါစင်းဘောကိုင်းစစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ စခန်းကို Lock Down ချခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ အပြင်ထွက်ပြီးလုပ်ကိုင်စားသောက်၍ မရသလို လူကယ်ပြန်နှင့် ICRC တို့မှ ထောက်ပံ့ ထားသည့် ရိက္ခာတို့မှာလည်း ပြတ်လပ်နေသည့်အတွက် အခက်အခဲများဖြစ်နေသည်ဟု ဦးညီပုက ပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ယမန့်နေက လူကယ်ပြန်ဌာနမှ စားနပ် ရိက္ခာများလာရောက်ကူညီထောက်ပံ့မှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့များနှင့်ပရဟိတအဖွဲ့များမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့မှုများရှိသေးကြောင်း စခန်းတာဝန်ခံ ဦးစိန်ရွှေဘုက ပြောသည်။

“ကိုယ်ထူကိုယ်ထနဲ့ လုပ်နေကြတယ်။ ကိုဗစ်ဒုတိယလိုင်းက ကျန်ရှိခဲ့တဲ့ လက်ကျန်တွေကိုပဲ သုံးနေရတယ် ။ ဒါပေမယ့် ကြာလာရင်တော့ အခက်အခဲတွေဖြစ်လာနိုင်တဲ့အတွက် နှာခေါင်းစည်း၊ လက်သန့်ဆေးတွေက အစလိုအပ်နေတယ်” ဟု ၎င်းကဆိုသည်။

အလားတူ စစ်ဘေးရှောင်လူဦးရ ၂၇၀၀ ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင် စခန်းတွင် ကိုဗစ်ဒုတိယလှိုင်းက ကျန်ရှိခဲ့သည့် နှာခေါင်းစည်း၊ လက်ဆန့်ဆေး၊ ဆပ်ပြာတို့မှာ တစ်ပတ်ခန့်သာ အသုံးပြုနိုင်တော့မည့် အခြေအနေဖြစ်နေသည့်အတွက် အကူညီများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးကျော်သိန်းက ပြောသည်။

“နှာခါင်းစည်းတွေ၊ ဆပ်ပြာတွေက အကုန်လုံးလိုအပ်နေပါတယ်။ ကျနော်တို့စခန်းမှာ အသက်အန္တရာယ် အတွက် အထူးစိုးရိမ်နေရတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူညီပေးနေတဲ့အဖွဲ့စည်းတွေကို အကူအညီပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု သူကပြောသည်။

စစ်ဘေးရှောင်စာရင်းများကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ယခင်ကတည်းက စားဝတ်နေရေးအဆင်မပြေသည့်စစ်ဘေးရှောင်များမှာ လက်ရှိကိုဗစ်ရောဂါကြောင့် ပိုမိုအခက်အခဲဖြစ်သွားနိုင်သည်ဟု ပြောသည်။

“စစ်ဘေးရှောင်စခန်းအများစုမှာ အထောက်အပံ့တော့ရရှိတယ်။ ဒါပေမယ့် လုံလုံလောက်လောက် မဟုတ်ဘူး။ မလုံလောက်တဲ့အတွက် အပြင်ကိုထွက်ပြီး တဖက်တလမ်းက ရှာဖွေ စားသောက်ရတဲ့အခြေအနေမှာရှိတယ်။ အဲတာတွေကလည်း လောလောဆယ်မှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်လာတဲ့အခါကျတော့ အပြင်ကိုထွက်ပြီး လုပ်ကိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ့လာတယ်။ ဆိုတော့ ထောက်ပံ့မှုတစ်ခုကိုပဲ မီခိုရတဲ့အနေ အထားဖြစ်သွားတာပေါ့။ ဒါကြောင့် စားဝတ်နေရေးအပိုင်းမှာ ပြတ်လပ် လာမယ့်၊ အားနည်းလာမယ့်အခြေ အနေမှာရှိတယ်” ဟု သူကဆိုသည်။

ရခိုင်ပြည်အတွင်းတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိနေသေးပြီး စစ်ဘေးရှောင်များမှာ လူနေကျပ်သည်းစွာနေထိုင်ရသည့်အတွက် ကိုဗစ်ရောဂါနှင့်ပတ်သတ်ပြီး စိုးရိမ်မှုများရှိနေကြသည်။

ဇူလိုင် ၂၀ ရက်နေ့ထိ စာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၇၀၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၆၈၃ ဦးနှင့် သေဆုံးသူ ၆၆ ဦးထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ