ကိုဗစ်ကြောင့်ကန့်သတ်ထားသည့် အကျဉ်းသားများနှင့်တွေ့ဆုံခွင့်ကို ပြန်လည်ခွင့်ပြုပေးရန် လိုလားနေကြ

ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ပိတ်ပင်ထားသည့် အကျဉ်းသားများနှင့်တွေ့ခွင့်ကို လက်ရှိတွင် ပြန်လည်ခွင့်ပြုပေးရန်လိုလားကြောင်း မိသားစုဝင်များကတောင်းဆိုကြသည်။

19 Sep 2022

DMG ၊ စက်တင်ဘာ ၁၉

ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ပိတ်ပင်ထားသည့် အကျဉ်းသားများနှင့်တွေ့ခွင့်ကို လက်ရှိတွင် ပြန်လည်ခွင့်ပြုပေးရန်လိုလားကြောင်း မိသားစုဝင်များကတောင်းဆိုကြသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများအတွက် ထောင်ဝင်စာကို ပို့ခွင့်ရသော်လည်း မိသားစုနှင့်တွေ့ဆုံခွင့်မှာ ယနေ့တိုင် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်သည်။

အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကို ကန့်သတ်ထားသည်မှာ ကိုဗစ်ကပ်ရောဂါအ‌ခြေအနေများကြောင့် ကိုဗစ်စည်းကမ်းများနှင့်အညီ ကန့်သတ်ပိတ်ပင်ထားခြင်းဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရသိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဦး၏မိခင်က “စိုးရိမ်စရာတွေကတော့ အများကြီးပါ။ ဒါပေမယ့် ကျန်းမာရေးကောင်းဖို့ပဲ အဓိကမျှော်လင့်တယ်။ သူတို့ဘယ်လိုနေရလဲ။ ဘယ်လိုဖြစ်နေလဲတော့ သိချင်တာပေါ့”ဟု ပြောသည်။

လက်ရှိရခိုင်ပြည်အတွင်းတွင် ကိုဗစ်ရောဂါပိုးမတွေ့ရှိသည်မှာလည်း အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်လာပြီဖြစ်သဖြင့် အကျဉ်းသားများနှင့်တွေ့ခွင့် ပိတ်ပင်ထားမှုကို ဖြေလျော့ပေးသင့်ကြောင်း အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များကပြောဆိုကြသည်။

“အန်တီပြောချင်တာက သားတွေနေကောင်းလား၊ ကျန်းမာရဲ့လား။ စားဝတ်နေရေးကော အဆင်ပြေလား။ ပြီးတော့ ဒီက အန်တီတို့ပို့လိုက်တဲ့ ငါးခြောက်တွေ၊ စားစရာလေးတွေ အစုံရောရရဲ့လား သိချင်မိတယ်။ အခုဆိုရင် ကိုဗစ်ဆိုလည်းမရှိတော့ဘူးလေ။ အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့တဲ့အခါ သားတွေ၊သမီးတွေနဲ့ တွေ့ခွင့်ပေးစေချင်တယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ထောင်ဒဏ်ချမှတ်ခံနေရသည့် ကိုညီညီအောင်နှင့်တွေ့ခွင့်ရလိုကြောင်း မိခင် ဒေါ်နီနီအေးကပြောသည်။

အလားတူ PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါကို ထောင်ဝင်စာသွားတွေ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း အကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။

“ကျန်းမာရေးအခြေအနေတွေလည်း ဘာမှမသိရဘူး။ ပစ္စည်းပဲ ပေးခဲ့ရတယ်။ လူချင်းမတွေ့ရဘူး။ ညီလေးနဲ့ကမတွေ့တာကြာပြီဆိုတော့ နွေးနွေးထွေးထွေးစကားပြောချင်တယ်။ လူချင်း တွေ့ခွင့်ရချင်ပါတယ်”ဟု ၎င်းကတောင်းဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်စည်းကမ်းများဖြေလျော့ကာ ကျောင်းများ၊ လုပ်ငန်းခွင်များ၊ ခရီးသွားလာခွင့်များအား ပြန်လည်ခွင့်ပြုထားပြီဖြစ်သည့်အတွက် ကိုဗစ်ကြောင့်ကန့်သတ်ထားသည့် အကျဉ်းသားများနှင့် တွေ့ခွင့်ရရေးကို မိသားစုဝင်များက မျှော်လင့်နေကြသည်။

အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုပေးရန်ရှိ၊မရှိကိုသိရှိနိုင်ရန် ရခိုင်ပြည်၊ စစ်တွေအကျဉ်းဦးစီးဌာနမှ တာဝန်ရှိများ DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း လတ်တလောတွင် ဆက်သွယ်၍မရရှိသေးပေ။

ဗီဒီယိုများ