အခြားပြည်နယ်/တိုင်းများမှ ဝင်ရောက်လာသူများကို စောင့်ကြည့်ရန် ညွှန်ကြား

ရခိုင်ပြည်နယ်အတွင်းသို့ အခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း တို့ဖြင့် ပြန်လည်ဝင်ရောက်လာသူများကို Home /Community Base Facility Quarantine ဆောင်ရွက်ရန် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ပြည်နယ်ကော်မတီမှ ခရိုင်အဆင့်ကော်မတီများသို့ ညွှန်ကြားထားသည့်စာကို ဧပြီလ ၁၆ ရက်နေ့က အွန်လိုင်းပေါ်တွင်တွေ့ရသည်။

By စစ်တွေ 17 Apr 2020

နေရောင်မင်း | DMG
ဧပြီ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းသို့ အခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း တို့ဖြင့် ပြန်လည်ဝင်ရောက်လာသူများကို Home /Community Base Facility Quarantine ဆောင်ရွက်ရန် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ပြည်နယ်ကော်မတီမှ ခရိုင်အဆင့်ကော်မတီများသို့ ညွှန်ကြားထားသည့်စာကို ဧပြီလ ၁၆ ရက်နေ့က အွန်လိုင်းပေါ်တွင်တွေ့ရသည်။

ဧပြီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(၃/၂၀၂၀)အစည်းအဝေးမှ ယင်းဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းစာတွင်ပါရှိသည်။

ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လက်မှတ်ရေးထိုးကာ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ ခရိုင်အဆင့် ကော်မတီများသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

အဆိုပါစာနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်သူတစ်ဦးက နေမကောင်းသဖြင့်ခွင့်ယူထားသည်ဟု ဆိုသည်။

ထို့အပြင် ၎င်းညွှန်ကြားစာတွင် ယခုကာလတွင်း ခွင့်ခံစား၍ဖြစ်စေ၊ အခြားကိစ္စရပ်များဖြင့်ဖြစ်စေ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြန်လည်ဝင်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အိမ်တွင် စောင့်ကြည့်ဆောင်ရွက်ရန်လည်းပါရှိသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျွန်တော်တို့ ကတော့ ဘယ်ကပဲလာလာ Quarantine လုပ်ဖို့အတွက်လိုအပ်တယ်လို့ အစိုးရကို တင်ပြခဲ့တာတော့ ရှိတယ်။ ရခိုင်ပြည်နယ်ပြင်ပကလာတဲ့လူတိုင်းကို စနစ်တကျ စောင့်ကြည့်တာတွေလုပ်ဖို့တော့ ပြောထား ပါတယ်”ဟု ပြောသည်။

ထိုသို့ Quarantine လုပ်ဆောင်ရန် အသိပညာပေးမှုများလုပ်ဆောင်နေသော်လည်း ပြည်သူအချို့မှာ လိုက်နာမှုမရှိကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“ကျွန်တော်တို့က အခုအကြံပေးတယ်။ ဥပမာ-ငါးယောက်ထက် လူပိုမစုရတို့ဘာတို့ပေါ့ ။ ဒီလိုမျိုးတွေကို ချိုးဖောက်မှုတွေကိုလုပ်လာရင်တော့ ပြည်သူတွေအကျိုးအတွက် ကျွန်တော်တို့က ဥပဒေချိုးဖောက်တဲ့ လူတွေကို အရေးယူတာတွေလုပ်လာတော့မှာပါ ” ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စောင့်ကြည့်ရေးစခန်း၌ လူ ၉၅၀ ဦး၊ နေအိမ်တွင်စောင့်ကြည့်သူ ၂၁၇၂ ဦးနှင့် ဆေးရုံတွင် ၃၄ ဦး စုစုပေါင်း ၃၁၅၆ ဦးစောင့်ကြည့်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူ ၈၅ ဦးထိရှိလာပြီး ပြန်လည် ကောင်းမွန်လာသူနှစ်ဦးနှင့် သေဆုံးသူလေးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ