COVID-19 ကာကွယ်ရေး တပ်မတော်အပစ်ရပ်ကြေငြာချက်တွင် ရခိုင်နှင့် ချင်းမပါဝင်

နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By မျိုးသီရိကျော် 10 May 2020

ဓါတ်ပုံ - ရခိုင်ပြည်နယ်အတွင်း တပ်မတော်သားများကိုတွေ့ရစဉ်

မျိုးသီရိကျော် | DMG
မေ ၁၀ ၊ စစ်တွေ

နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာအနှံ့တွင် COVID-19 ကပ်ရောဂါနှင့်ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

မြန်မာနိုင်ငံအစိုးရမှ ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် ကြေငြာခဲ့သဖြင့် တပ်မတော်မှအပစ်ရပ်စဲထားရာတွင် AA ရှိရာ နေရာများမပါဝင်ပေ။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ ဒေသခံများမှာလည်း COVID-19 ကပ်ရောဂါထက် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

တပ်မတော်အနေဖြင့် ပြည်သူများအပေါ် ငြိမ်းချမ်းရေးပေးလိုလျှင် ယခုကဲ့သို့ ခြွင်းချက်မထားသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်စု ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောဆိုသည်။

“အခြားသောလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနန့်ကျတော့ ကြီးကြီးကျယ်ကျယ် ဖြစ်နေတာတွေမရှိဘူးလေ။ အဓိက မြန်မာနိုင်ငံမှာ မြန်မာတပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်နေတာက တော်တော်လည်းဆိုးနေပါတယ်။ ဒါကြောင့် မို့လို့ တပ်မတော်အနေနဲ့ပြည်သူလူထုကို ငြိမ်းချမ်းရေးပေးချင်ရင် အခုလိုမျိုးခြွင်းချက်မထားသင့်ဘူးဟု” ၎င်းက ဆိုသည်။

တပ်မတော်၏ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာအမှန်မရှိဖြစ်နေကြောင်းလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်သည်။

“ကိုဗစ်ဆိုတာက တစ်နေရာဖြစ်ရင် တစ်နိုင်ငံလုံးမှာ ပြန့်ပွားနိုင်တဲ့အတွက် ရခိုင်မြောက်ပိုင်းကို ကွက်ပြီးတော့ ချန်ထားခဲ့တယ်ဆိုတာ အစိုးရမှာ စိတ်ရင်းစေတနာ အမှန်၊ ရည်ရွယ်ချက်အမှန်မရှိဘူးလို့ ပြောချင်တယ်။ ဒါ AA ကို ပြစ်ဒဏ်ပေးရာမကျပဲ ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူတွေကို ချန်လှပ်ထားဟာနဲ့ တူနေတယ်” ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်သောင်းလေးထောင်ကျော်အထိရှိသည်။

၎င်းဒုက္ခသည်များမှာ စစ်ဘေးရှောင်စခန်းများတွင် စုပြုံ နေထိုင် နေရသဖြင့် အခြားနေရာများထက် COVID-19 ရောဂါကူးစက်ရန် စိုးရိမ်ရသည်။

ဗီဒီယိုများ