ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများတွင် အချိန်ခွဲပြီးသင်ကြားသွားမည်

ရခိုင်ပြည်နယ်ရှိ ကျောင်းများတွင် COVID-19 ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၆ ပေအကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက်မရှိခြင်းနှင့် အဆောင်ဆောက်လုပ်ရန်လည်း ညွှန်ကြားထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီးသင်ကြားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

By နှင်းနွယ် 04 Jun 2020

ခင်သရဖီဦး၊ နှင်းနွယ် | DMG
ဇွန် ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ ကျောင်းများတွင် COVID-19 ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၆ ပေအကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက်မရှိခြင်းနှင့် အဆောင်ဆောက်လုပ်ရန်လည်း ညွှန်ကြားထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီးသင်ကြားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ အထက်တန်းကျောင်းများတွင် မြို့နယ်အလိုက် ပညာရေးမှူးများကိုခေါ်ယူ၍ ကျောင်းတွင်ရှိသည့် စာသင်ခန်းများနှင့် ပရိဘောဂများကို တွက်ချက်ကာ တစ်သုတ် သို့မဟုတ် နှစ်သုတ်တက်ရန်သာ ညွန်ကြားထားသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

“အဆောက်အအုံတွေ တိုးဆောက်လုပ်ဖို့ကိုတော့ ကျနော်တို့ဌာနကို ညွန်ကြားထားတာ မရှိဘူး။ ရှိတဲ့ စာသင်ခန်း တွေနဲ့ပဲ တစ်သုတ်တက်လုပ်ဖို့၊ တစ်သုတ်တက်မရရင် နှစ်သုတ်တက်ဖို့ကိုပဲ ညွန်ကြားထားတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းများအားလုံးကို နှစ်စဉ် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နေသော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာရောဂါကြောင့် ယခုနှစ်တွင် ကျောင်းများကိုပုံမှန်ထက် ၁ လခန့် နောက်ဆုတ်ကာ ဇူလိူင်လ ၂၁ ရက်နေ့တွင် အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း ၆ ပေအကွာမှ သင်ကြားရန်စီစဉ်ထားကြောင်း စစ်တွေမြို့(မဟာပညာကျော်) ကိုယ်ပိုင်အထက်တန်းကျောင်း၏ ဒါရိုက်တာ ဦးစံရွှေသိန်းက ပြောသည်။

“ကျနော်တို့မှာက ၂၁ ရက်နေ့ ကျောင်းဖွင့်ပြီဆိုတာနဲ့ COVID ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတာတွေရှိတယ်။ လက်ဆေးမယ့်နေရာတွေနဲ့ သင်ရမယ့်နေရာတွေကို စီစဉ်ထားတယ်။ ကျနော် တို့မှာ အရင်ကတည်းက ကလေးတွေကို သုံးပေအကွာမှာထားပြီးတော့ သင်တယ်။ အခုဆို အစိုးရက ခြောက်ပေ အကွာမှာ ထားရမယ်ပြောထားတော့ ကျနော်တို့အနေနဲ့ အဲဒါတွေကို လိုက်နာသွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ကိုရိုနာရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးသော်လည်း ကျောင်းများပြန်ဖွင့်လျှင် အခန်းခွဲ သင်ကြားရမည်ကို ကြားသိရသဖြင့် ကျောင်းသားမိဘများအနေဖြင့် စိုးရိမ်မှုနည်းပါးကြောင်း ဆိုသည်။

“ကျောင်းတွေမှာ ပုံမှန်ဆိုရင် စာသင်ခန်းတစ်ခုမှာ လူ ၆၀ လောက်ရှိတယ်။ ဒါပေမဲ့ အခုက ကိုရိုနာကြောင့် ခုံတန်းတစ်ခုမှာ နှစ်ယောက်ပဲထိုင်ခိုင်းမယ်ဆိုတော့ လူနည်းမှာဖြစ်တဲ့အတွက် စိုးရိမ်မှုတွေတော့နည်းတာပေါ့။ သားသမီးတွေကိုတော့ အတတ်နိုင်ဆုံး ကျောင်းသွားလို့ရှိရင် Mask တပ်ပေးမယ်။ ပြီးတော့ လက်သန့်ဆေး ဘူးတွေ ထည့်ပေးမယ်”ဟု စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်ခင်ဇာညိုထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါကြောင့် အခြေခံပညာအထက်တန်းအဆင့် ၉ တန်းနှင့် ၁၀ တန်းကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ခပ်ခွာခွာနေထိုင်နိုင်ရန်အတွက် ကျောင်းတက်ချိန်များကို ပုံမှန် ဖွင့်လှစ်နိုင်မည့် ကျောင်းများ၊ တစ်ပတ်ခြားတက်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ်တက် ဖွင့်လှစ် နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ်တက်၍ တစ်ပတ်ခြားဖွင့်လှစ်နိုင်မည့်ကျောင်းများဟူ၍ ပုံစံငါးမျိုးဖြင့် သတ်မှတ်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ထားသည်။

ရခိုင်ပြည်နယ်ရှိ မူလတန်းမှ အထက်တန်းထိ စာမေးပွဲအောင်စာရင်းများကိုမူ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် သွားမည်ဟုလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။

ဗီဒီယိုများ