အင်တာနက်ပိတ်ထားသည့်အတွက် ရခိုင်တွင် COVID-19 ကုသရေးလုပ်ငန်းများ အခက်ကြုံနေရ

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ ပြည်သူများ ကပ်ရောဂါနှင့်ပတ်သက်၍ သိသင့်သည့် သတင်းမှန်ရရှိရေးအခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဝေဖန်သည်။

By ကျော်မျိုးအောင် 26 Jun 2020

ကျော်မျိုးအောင် | DMG
ဇွန် ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ်အချို့တွင် အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်မှာ ယခုလ ၂၁ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန် ရခိုင်ပြည်နယ်တွင်လည်း COVID-19 ပိုးတွေ့ရှိခဲ့လူနာအရေအတွက်မှာ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းအထိ ၁၂ ဦးရှိလာပြီဖြစ်သည်။

ယခုအချိန်မျိုးတွင် အင်တာနက်ပိတ်ထားသည့်အတွက် COVID-19 ကုသရေးဆိုင်ရာလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောသည်။

“အချိန်နဲ့တပြေးညီ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မပို့နိုင်ဘူး။ အခြေနေတွေကို ဖုန်းကနေတစ်ဆင့်ပဲ ပြောနိုင် တော့တယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ယူတဲ့အခါမှာ အရမ်းအခက်ခဲတွေ ကြုံရပါတယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တစ်နှစ်ကျော်ကြာသည့်အထိ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည်။
အစိုးရကမူ ယင်းသို့အင်တာနက်ဖြတ်တောက်ထားရခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပြောဆိုထားသည်။

ဇွန်လ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ရေး ဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပြည်တွင်းပြည်ပမှ အထင်မြင်လွဲမှားစေရန် ရေးသားဖော်ပြမှု များကြောင့် အင်တာနက်ဖြတ်တောက်ထားရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ ပြည်သူများ ကပ်ရောဂါနှင့်ပတ်သက်၍ သိသင့်သည့် သတင်းမှန်ရရှိရေးအခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဝေဖန်သည်။

“ဒီလို အင်တာနက်ပိတ်ထားတာက အများပြည်သူရဲ့လုံခြုံရေးကို အများကြီးထိခိုက်အောင်လုပ်တာ။ အစိုးရဟာ ပြည်သူတွေအပေါ်မှာ တမင်တကာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာများနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သတင်းမှားများ ရေးသားနေကြသည့်ကို ဖြေရှင်းရာတွင်လည်း အင်တာနက်မရှိသဖြင့် အခက်အခဲဖြစ်စေကြောင်း ဒေါက်တာ စောမင်းသိန်းကဆိုသည်။

“Facebook ပေါ်မှာ လူနာကဆုံးသွားပြီ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ရေးနေကြတာတွေကို အချိန်နဲ့ တပြေးညီ ပြန်မဖြေရှင်းနိုင်တဲ့အတွက် မလိုလားအပ်တဲ့ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

COVID-19 သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် လူသားချင်းစာနာသည့်အနေဖြင့် အင်တာနက် လိုင်းများကိုပြန်ဖွင့်ပေးရန်လိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“အင်တာနက်လိုင်းကိုဖွင့်ပေးမှ ဘယ်အချိန်၊ ဘယ်ဒေသမှာ၊ ဘာဖြစ်နေတာကိုသိပြီး ကြိုတင်ကာကွယ်တာတွေ လုပ်နိုင်မှာမို့လို့ လူသားချင်းစာနာတဲ့အနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ၎င်းကဆိုသည်။

အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့မှ လူဦးရေ တစ်သန်းခန့်မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်လက်ရရှိမှုပြတ်တောက်နေရကြောင်း အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် (ယနေ့ ဇွန်လ ၂၅)ရက်နေ့ ည ၈ နာရီအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ များမှာ စစ်တွေဆေးရုံတွင် ၁ ဦး၊ မောင်တောဆေးရုံတွင် ၇ ဦး၊ ဘူးသီးတောင်ဆေးရုံတွင် ၂ ဦး၊ တောင်ကုတ် ဆေးရုံတွင် ၁ ဦးရှိကာ သံတွဲမြို့မှပိုးတွေ့ရှိသူမှာ ရောဂါကောင်းမွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်နေ့က ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ