ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ကာကွယ်ရေး အေအဆင့်မပြည့်မီသည့် အထက်တန်းကျောင်း ရာနှင့်ချီ ရှိနေသေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်မှုတွင် အေအဆင့်မရရှိသေးသည့် အထက်တန်းကျောင်းများ ရခိုင်တစ်ပြည်နယ်လုံးတွင် ရာချီကျန်ရှိနေသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

23 Jul 2020

ခင်သရဖီဦး | DMG                  
ဇူလိုင် ၂၃ ၊ စစ်တွေ

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်မှုတွင် အေအဆင့်မရရှိသေးသည့် အထက်တန်းကျောင်းများ ရခိုင်တစ်ပြည်နယ်လုံးတွင် ရာချီကျန်ရှိနေသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း (၄၄၀)ကျောင်းရှိသည့်အနက် ကျောင်းပေါင်း (၂၂၁)အား ကိုဗစ်ကာကွယ်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အဆင့်(A)အဖြစ် သတ်မှတ်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ဇူလိုင် ၂၀ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများက စတင်ဆောင်ရွက်နေကြသဖြင့် လက်ရှိအချိန်၌ အခြေခံပညာအထက်တန်းကျောင်းပေါင်း (၃၉)ကျောင်းမှာ အဆင့် A အဖြစ်သတ်မှတ်နိုင်၍ ပညာသင်ကြားမှု ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ သတ်မှတ်အဆင့်မီ၍ ပညာသင်ကြားမှု ဆောင်ရွက်နိုင်သည့် ကျောင်းများမှာ ရခိုင်မြောက်ပိုင်းတွင် ရသေ့တောင်၊ မြေပုံမြို့နယ်များ မပါဝင်ဘဲ ကျောင်းပေါင်း (၂၇) ကျောင်းရှိကာ ရခိုင်တောင်ပိုင်းတွင် ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင်မြို့နယ်များ မပါဝင်ဘဲ ကျောင်းပေါင်း (၁၂)ကျောင်းရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဇူလိုင်လ ၂၂ ရက်နေ့စာရင်းအရ သိရသည်။

“ကျန်တဲ့ ကျောင်းအဆင့် B တွေ၊ C တွေကို A ရအောင် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ လာရောက်ပြီးတော့ ကျောင်းသားတွေ စာသင်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ် ”ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ကျောင်း ၃ ကျောင်းကို ဖွင့်လှစ်သင်ကြားနေကာ အခြားကျောင်းများ ကိုလည်း အဆင့်ပြည့်မီအောင်ပြုလုပ်နေကြောင်း ကျောက်ဖြူခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

“တခြားကျောင်းတွေကတော့ A အဆင့် စံသတ်မှတ်ချက်မပြည့်မှီတဲ့အတွက် မဖွင့်နိုင်သေးဘူး။ ဒါကြောင့် အဲဒီ ကျောင်းတွေကို မြို့နယ်ပညာရေးမှူးတွေက ကွင်းဆင်းပြီးတော့ အဆင့်ပြည့်မီအောင် လိုအပ်ချက်တွေကိုပြုပြင်ဖို့ ကြိုးစားဆောင်ရွက်နေကြတယ်” ဟု ဦးခင်မောင်ဦးက ရှင်းပြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင်လ (၂၁)ရက်နေ့မှစ၍ စတင်ဖွင့်လှစ် နေခြင်းဖြစ်သော်လည်း ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ပြင်ဆင်မှုအဆင့် (A)ရသည့် ကျောင်းများကိုသာ ပညာသင်ကြားခွင့်ပေးမည်ဖြစ်သည်။

မြန်မာနိုင်တစ်နိုင်ငံလုံးတွင် ကိုရိုနာကာကွယ်တားဆီးရေးအတွက် စီစဉ်ဆောင်ရွက်မှု အဆင့် A ရရှိခဲ့သည့် ကျောင်း (၃၀၅၈)ကျောင်း၊ အဆင့် B ရရှိခဲ့သည့်ကျောင်း (၁၁၆၆)ကျောင်းနှင့် အဆင့် C ရရှိခဲ့သည့် ကျောင်း (၈၁၄)ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

အထက်တန်းအဆင့် အတန်းလိုက်ကျောင်းများကို ဖွင့်လိုက်ပြီးမှ အလယ်တန်း၊ မူလတန်းများကို ဆက်လက် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ