မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးအထိရှိလာ၊ ကိုဗစ်သတိပေးချက်များ လှည့်ပတ်ကြေညာ

ဒုတိယမြောက် ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ မောင်တောမြို့နယ် ဇူလကျေးရွာသို့ ဇွန်လ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်။ ယင်းအပြင် ပထမ ကိုဗစ်ပိုးတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ် ဘာဟူခါလီဒုက္ခသည်ခန်းမှ အသက် ၃၆ နှစ်အရွယ် မာမတ်တော်ယုပ် ဖြစ်သည်။

12 Jun 2021

DMG ၊ ဇွန် ၁၂

မောင်တောမြို့နယ်သို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်မှ လူ ၁၉ ဦးကို စစ်ဆေးရာ နှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ပထမအကြိမ် စစ်ဆေးသည့် ဇွန်လ ၁၀ ရက်နေ့က တစ်ဦးနှင့် ဒုတိယအကြိမ်စစ်ဆေးသည့် ဇွန်လ ၁၁ ရက်နေ့ကတစ်ဦး တွေ့ရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။

“ဟုတ်ပါတယ်။ မနေ့က တစ်ဦးတွေ့တယ်။ ဒီနေ့ တစ်ဦးထပ်တွေ့တယ်။ ဒီနေ့ထပ်တွေ့သူက ဒုတိယအကြိမ်စစ်ဆေးရာမှာ တွေ့တာပါ။ မောင်တောမြို့ ဇူလကျေးရွာကပါ” ဟု ပြောသည်။

ဒုတိယမြောက် ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ မောင်တောမြို့နယ် ဇူလကျေးရွာသို့ ဇွန်လ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်။ ယင်းအပြင် ပထမ ကိုဗစ်ပိုးတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ် ဘာဟူခါလီဒုက္ခသည်ခန်းမှ အသက် ၃၆ နှစ်အရွယ် မာမတ်တော်ယုပ် ဖြစ်သည်။

ယင်းကဲ့သို့ ကိုဗစ်ရောဂါပိုး တွေ့ရှိသူများလာခြင်းကြောင့် မောင်တောမြို့နယ်တွင် ကိုဗစ်စည်းမျည်းစည်းကမ်းများ၊ ရှောင်ရန်ဆောင်ရန်၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် သတိပေးချက်များကို အများပြည်သူသိရှိနိုင်ရန် မနေ့က ဇွန်လ ၁၁ ရက်နေ့ ညနေက ကျန်းမာရေးဌာနနှင့် မြန်မာနိုင်ငံမီးသတ်ဌာနတို့ ပူးပေါင်းပြီး လော်စပီကာများဖြင့် လိုက်လံကြေညာလျက်ရှိသည်။

ထိုသို့ အသိပေးကြော်ငြာရာ၌

(က) အပြင်ထွက်ပါက နှာခေါင်းစည်း (Mask ) တပ်ရန်။

(ခ)လက်သန့်ဆေးရည် (သို့မဟုတ်) ဆပ်ပြာ/ရေတို့ဖြင့် မကြာခဏ လက်ဆေးကြောရန်

(ဂ)နှာချေ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ရန်။

(ဃ) လူစုလူဝေးနေရာများသို့ ရှောင်ကြဉ်ရန်။

 (င) လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေခန့် အကွာအဝေးမှာ နေထိုင်ရန်။

(စ) တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန်။

(ဆ) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခမ်းခြင်းစသည့် လ ဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြပါရန်။

တိုက်တွန်းနှိုးဆော်ကြောင်း ကြော်ငြာအသိပေးခြင်းလည်းဖြစ်သည်။

မောင်တော၌ ဒုတိယမြောက် ကိုဗစ်ရောဂါတွေ့ရှိသူနှင့် ထိတွေ့ဆက်ဆပ်သူ မိသားစု ၈ ဦးအား လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်း၌ Facility Quarantine ထားရှိကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ပြန်လာသည့် လူ ၃၉ ဦးကို စစ်ဆေးရာမှာ ၉ ဦးတွေ့ရှိခဲ့ပြီး လက်ရှိ ရခိုင်တွင် စုစုပေါင်းကိုဗစ်ပိုးတွေ့လူနာ ၁၄ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်သို့ အခြားနေရာဒေသများမှ ကိုဗစ်ပိုးမကူးစက်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ပင်သင့်ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကိုဗစ်မကူးစက်စေရေးအတွက် ယခုစီမံဆောင်ရွက်နေ့သည့် လုပ်ငန်းများကို ပိုမိုဂရုစိုက်လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။

ယခုကဲ့သို့ ပိုးတွေ့လူနာများရှိလာသော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား ပိတ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်းနှင့် သို့သော်လည်း ပြန်လာသူများအား ကမ်းပေါ်မတက်စေဘဲ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ထားပြီး ကိုဗစ်ပိုးစစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောကြားထားသည်။

စစ်တွေမြို့တွင် ကွာရန်တင်းစင်တာဖွင့်လှစ်ခြင်းကို လတ်တလောတွင် ဆိုင်းငံ့ထားပြီး ကူးစက်မှုအခြေအနေအပေါ်မူတည်၍ ကွာရန်တင်းစင်တာဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ကျောင်းဟောင်းကို အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လျှက်ရှိနေပြီး စခန်းများအား လော့ဒေါင်းချကာ အသွားအလာပိတ်ထားသည့်အတွက် မောင်တောနယ်စပ်သို့ ခိုးဝင်မှုများပြားလာမှာကို ဒေသခံများအထူးစိုရိမ်လျှက်ရှိနေကြသည်။

လက်ရှိတွင် ကိုဗစ်မျိုးစိတ်သစ် B.1.617 ကို အိန္ဒိယနိုင်ငံ၌ ၂၀၂၀ အောက်တိုဘာလက တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ထိုမျိုးစိတ် နမူနာပေါင်း ၄၅၀၀ အထိ စစ်ဆေး တွေ့ရှိထားသည်ဟု WHO က ပြောကြားသည်။

ရခိုင်ပြည်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတုန်းက ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ