စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား ယာယီရပ်နားထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတစ်ဦးရှိလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်နားထားလိုက်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

27 Jun 2020

မျိုးသီရိကျော် ၊ မြတ်ဆွေ | DMG
ဇွန်  ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတစ်ဦးရှိလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်နားထားလိုက်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

တစ်ဘက်နိုင်ငံနှင့် စစ်တွေသို့ ကုန်သွယ်ရေးသွားနေသည့်သင်္ဘော၌ လူနာအမှတ်-၂၉၂ လိုက်ပါစီနင်းလာခြင်း ဖြစ်၍ ယာယီရပ်နားထားလိုက်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ပြောသည်။

မြန်မာနိုင်ငံအနှံ့မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်သွင်းနေခြင်းဖြစ်သည်။

ယင်းသို့တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ယာယီရပ်လိုက်ခြင်းကြောင့် ကြက်သွန်၊ ငါး စသည့် ကုန်စိမ်းပစ္စည်းများတင်ပို့ရန်ပြင်ဆင်ထားကြသော လုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိကြောင်း ဦးတင်အောင်ဦးကဆိုသည်။

“လက်ရှိရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးတွေလည်း အခက်အခဲရှိတဲ့အတွက် သင်္ဘောတစ်စီးစာရဖို့ ပစ္စည်းကိုလည်းစောင့်ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့လုပ်တော့လည်း ယာယီရပ်နားထားလိုက်တယ်ဆိုတော့ နစ်နာမှုတွေရှိကြတယ်” ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကုန်သွယ်မှုပမာဏမှာ (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၄ ဒဿမ ၂၂၃)ရှိခဲ့ပြီး (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်းပေါင်း ( ၁၅ ဒသမ ၉၆၉ )အထိ ကုန်သွယ်နိုင်ခဲ့ကြောင်း စစ်တွေမြို့ ကုန်သွယ်ရေးဦးစီးဌာနစာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာမှာ စစ်တွေဆေးရုံတွင် ၁ ဦး၊ မောင်တောဆေးရုံတွင် ၇ ဦး၊ ဘူးသီးတောင်ဆေးရုံတွင် ၂ ဦး၊ တောင်ကုတ်ဆေးရုံတွင် ၁ ဦးရှိကာ သံတွဲမြို့မှ ပိုးတွေ့လူနာမှာ ရောဂါ ကောင်းမွန်သွားသဖြင့် ဇွန်လ ၁၇ ရက်နေ့က ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ဗီဒီယိုများ