ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေသည့် ရခိုင်တွင် ရိက္ခာမပြတ်စေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ် စေရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

By မင်းထွန်း 28 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၂၈ ၊ စစ်တွေ

ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ် စေရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ကျွန်မအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ရဲရဲကြီးပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး၊ လိုတဲ့ရိက္ခာတွေကို ကျွန်မတို့ ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးပါမယ်။ ပြီးတော့ သက်ဆိုင်ရာ တခြားတိုင်းတွေကလည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။

ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးနှင့်ပတ်သတ်ပြီး အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ရောက်ရှိနေသည့် Volunteer တစ်ဦးတို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသည့် နိုင်ငံမဟုတ်သော်လည်း ကိုဗစ်ကပ်ရောဂါ အများဆုံး ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွက် ငွေရေးကြေးရေးကို လိုသမျှပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ငွေရေးကြေးရေးလည်း လိုသမျှပံ့ပိုးပါမယ်။ ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံလည်း မဟုတ်ဘူး။ အရင်းအမြစ်က သိပ်များတဲ့နိုင်ငံမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ ပြည်ထောင်စုရဲ့လိုအပ်တဲ့အစိတ်အပိုင်းကို အမြဲပဲထောက်ပံ့ ပါတယ်။ ပြည့်ပြည့်စုံစုံ ထောက်ပံ့ပါတယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပြီးတော့ကူညီကြမယ်၊ ထောက်ပံ့ ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။

အလားတူ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ရခိုင်ပြည်သူများနှင့်အတူ ပြည်ထောင်စုတစ်ခုလုံးမှ ပြည်သူများအားလုံးဝိုင်းဝန်းပြီး ကူညီကြရန်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား ဝန်းရံပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“ဦးညီပုကို ဝန်းရံပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ဝန်ကြီးချုပ်တွေထဲမှာ စိန်ခေါ်မှုအများဆုံးကတော့ ဦးညီပုပဲ၊ ဒီလိုပဲကျွန်မ သုံးသပ်တယ်။ အဲအထဲမှာ မျက်နှာအအေးဆုံးကလည်း ဦးညီပုပဲ။ အဲဒါကိုက ရခိုင် အတွက် အင်အားတစ်ခုဖြစ်သလို ကျွန်မတို့ပြည်ထောင်စုတစ်ခုလုံးအတွက်လည်း အင်အားတစ်ခုဖြစ်ပါတယ်” ဟု သူကပြောသည်။

ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဒုတိယလိုင်းသည် ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ စတင် တွေ့ရှိလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ရှိသည့်နေ့မှစပြီး ယနေ့ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦးအထိရှိလာနေခြင်းဖြစ်သည်။

ထို့ကြောင့် COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရန် ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် မြို့နယ်များအားလုံးမှ ပြည်သူများကို နေအိမ်အတွင်းနေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ