ကိုဗစ်ကာလ အကူအညီများပေးနိုင်ရန်အတွက် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ခိုက်မှုများကို ရပ်စဲကြရန် ကုလတိုက်တွန်း

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုဒေသများရှိ ကိုဗစ်ကာလအတွင်းလိုအပ်သော အကူအညီများပေးရာတွင် ဘေးကင်းလုံခြုံစွာ အတားအဆီး မရှိ သွားရောက်နိုင်အတွက် ရန်လိုတိုက်ခိုက်မှုများကိုရပ်စဲကြရန် ကုလသမဂ္ဂမှ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။

02 Sep 2020

ပုံစာ - တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူများအား တွေ့ရစဉ်။

ခင်သရဖီဦး | DMG
စက်တင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုဒေသများရှိ ကိုဗစ်ကာလအတွင်းလိုအပ်သော အကူအညီများပေးရာတွင် ဘေးကင်းလုံခြုံစွာ အတားအဆီး မရှိ သွားရောက်နိုင်အတွက် ရန်လိုတိုက်ခိုက်မှုများကိုရပ်စဲကြရန် ကုလသမဂ္ဂမှ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။

လက်နက်ကိုင်တိုက်ခိုက်လျက်ရှိသော အဖွဲ့အစည်းများအား ၂၀၂၀ ပြည်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ချမှတ် ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို လက်ခံအတည်ပြုသည့် တိုက်တွန်းချက်ကို လိုက်နာ ကြရန်လည်း ဆိုသည်။

၎င်းအပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါအတွက် တိကျသောသတင်းအချက်အလက်များ အချိန်မီရရှိနိုင် ရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များသည် ပြည်သူများ၏ ဘေကင်းလုံခြုံရေး လုပ်ဆောင်ပေး ရာတွင် အဓိကဖြစ်သည့်အတွက် အင်တာနက်အပြည့်အဝမရရှိသောနေရာများကို အင်တာနက်ဝန်ဆောင်မှု အပြည့်အဝပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်း ကုလသမဂ္ဂပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ပြောသည်။

“ထုတ်ပြန်ချက်ထဲမှာ အဓိကတော့ ဒီလိုကိုဗစ်ကူးစက်မှု မြင်မားနေတဲ့အချိန်မှာ ပညာပေးအစီအစဉ်တွေ သူတို့ သိရမယ်။ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အခုလက်ရှိ သုံးနေတဲ့ဖုန်းတွေမှာ သတင်းတွေကအချိန်နဲ့တပြေးညီတက်လာဖို့ဆိုတာ အင်တာနက်ကောင်းဖို့ လိုအပ် ပါတယ် ” ဟု ဦးအေးဝင်းကပြောသည်။

ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိပြီး ကိုဗစ်ကူးစက်မှုပြန့်ပွားနေမှုများကိုတုံ့ပြန်ရန် ကြိုးပမ်းဆောင်ရွက်မှုများအား ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲ ထားမည်ဖြစ်ကြောင်း တပ်မတော်က သြဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ရခိုင်နှင့် ချင်းပြည်နယ်မှ အေအေနှင့်တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်နေရာများ ချန်လှပ်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က စက်တင်ဘာလ ၁ ရက်နေ့မှစပြီး ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေငြာခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 ပိုးတွေ့လူနာ ၄၀၀ ကျော်ရှိနေကာ တစ်ဖက်မှာလည်း တိုက်ပွဲများ ရပ်တန့်နိုင်မှုမရှိသေးသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေဆဲဖြစ်သည်။

ဗီဒီယိုများ