လူမျိုးရေး - ဘာသာရေးပဋိပက္ခကို ဖြစ်စေနိုင်သည့်ကိစ္စရပ်များကို မပြုလုပ်ကြရန် အာရက္ခပြည်သူများကို ရက္ခိုင့်တပ်တော် တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊ အမျိုးသားသစ္စာဖောက်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရက္ခိုင့်စကားပြောတတ်သူများကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဦးတည်စေနိုင်သည့် ကိစ္စရပ်များကို ပြုလုပ်လာသည့်အတွက် အာရက္ခပြည်သူများအနေနှင့် သတိပြုဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။

22 Jun 2022

ရက္ခိုင့်တပ်တော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား။ (ဓါတ်ပုံ- AA Info Desk)

DMG ၊ ဇွန်  ၂၂

အာဏာသိမ်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊ အမျိုးသားသစ္စာဖောက်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရက္ခိုင့်စကားပြောတတ်သူများကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဦးတည်စေနိုင်သည့် ကိစ္စရပ်များကို ပြုလုပ်လာသည့်အတွက် အာရက္ခပြည်သူများအနေနှင့် သတိပြုဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။

လက်ရှိအခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဖြစ်စေနိုင်သည့် ကိစ္စရပ်များကို ဆက်တိုက်တွေ့ရှိလာရပြီး ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မောင်တော်မြို့နယ်၊ သင်္ဘောလှကျေးရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော် တို့ နှစ်ဦးအား ပြန်ပေးဆွဲခံရခြင်း၊ ပေါက်တော်မြို့နယ် ကြိမ်နီပြင်ကျေးရွာမှ မူဆလင်တစ်ဦးအား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်ပြီး နောက်ကျောကို ကျောက်တုန်းဖိ၍ ထားခဲ့သောဖြစ်စဉ်၊ မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် စပါးရိတ်စက်များ၊ ကောက်လိုင်းစည်းများ မီးတိုက်ခံရခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်း စသည့် ကိစ္စရပ်များရှိခဲ့သည်။

ထို့ကြောင့် အတိတ်တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေး ပဋိပက္ခဖြစ်ရပ်များကို သင်ခန်းစာယူကာ ရန်သူ၏ ထောင်ချောက်ထဲ့သို့ မကျရောက်သွားစေရန် အထူးသတိထားရန်လိုအပ်ကြောင်း  တိုက်တွန်းထားသည်။

ထို့ပြင် လူမှုသဟဇာတဖြစ်နေသော ရခိုင်နှင့် ရခိုင်မဟုတ်သော လူမျိုးနှင့် မျိုးနွယ်စုများအကြား ရန်သူသုံးနေကျ လက်နက်ဟောင်းတစ်ခုဖြစ်သော သပ်လျှိုဖြိုခွဲသော နည်းလမ်း၊ အချိုသတ် မက်လုံးပေးသော နည်းလမ်းများကိုသုံးပြီး လူမျိုးရေး ပဋိပက္ခဖန်တီးရန် ကြိးစားလျက်ရှိနေသည်ကို လက်ရှိဖြစ်ပွားနေသည့် အခြေအနေများအား မီးမောင်းထိုးပြလျက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၆ ရက်နေ့က ပျောက်ဆုံးနေသည့် ဆရာ၊ ဆရာမနှစ်ဦးကို ရှာဖွေသည့် ကိစ္စတွင် လိုက်လံရှာဖွေသည့် ဒေသခံများနှင့် မွတ်ဆလင်တို့အကြားတင်းမာမှုများရှိနေသည်။

ထို ပညာရေးဝန်ထမ်းနှစ်ဦးကို လိုက်လံရှာဖွေသည့် ကိစ္စများတွင်လည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေတပ်ရင်းများနှင့် နယ်ခြားစောင့်တပ်များလည်း မည်သို့မျှ ကူညီဆောင်ရွက်ပေးခြင်းမရှိကြောင်းကို ဒေသခံများကို ပြောဆိုထားသည်။

ထို့အပြင် ထိုကိစ္စနှင့် ပတ်သတ်၍  ပညာရေးဝန်ထမ်းနှစ်ဦးကို ARSA ကဖမ်းဆီးထားသည်ဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ်ရဲ့ ပြောကြားချက်ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက ARSA အဖွဲ့က ၎င်းတို့မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှစ၍ AA မှ ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီဖက်မှ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များတွင် စစ်ကောင်စီမှ နေ့စဉ်ရက်ဆက်လိုလို ပြည်သူများကို ဖမ်းဆီးမှုများရှိနေသည်။

ထို့ကြောင့် လတ်တလောတွင် စစ်ကောင်စီဖက်မှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖက်မှ ဖမ်းဆီးထားသည်မှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စ၍ လူ ၂၀‌ကျော်ဖမ်းဆီးခံထားရပြီး စစ်ကြောရေးတွင်လည်း ၇ ဦးထက်မနည်း ရောက်ရှိနေကြောင်း DMG ၏ သတင်းရင်းမြစ်များအရ  သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ ရက္ခိုင့်တပ်တော် AA ရဲ့ သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့ ULA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိသည့်အတွက် ယခုလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် နိုင်ငံရေးအရ တွေ့ဆုံထားကြောင်းကိုလည်း AA ဖက်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ