ယခုလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူများရှိလာ

မြန်မာနိုင်ငံတွင် ယခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ (၁၀)ဦးအထိရှိလာကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

24 Sep 2022

DMG ၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတွင် ယခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ (၁၀)ဦးအထိရှိလာကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ကြောင့် သေဆုံးမှုများမှာ ယခုနှစ် အစောပိုင်းလများတွင် နည်းပါးခဲ့သော်လည်း ယခု စက်တင်ဘာလမှစတင်ကာ နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တစ်ဖြည်းဖြည်းများလာပြီး သေဆုံးသူများလည်းရှိလာကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

“ရောဂါကူးစက်ခံခဲ့ရရင် ရောဂါမပြင်းထန်ရအောင် ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။ ပြီးတော့ လူစုလူဝေးထဲသွားတဲ့အခါ နှာခေါင်းစည်း မဖြစ်မနေတပ်ကြပါ။ ကာကွယ်ဆေးတွေကို ကျန်းမာရေးဌာနတွေမှာ သွားရောက်ထိုးနှံထားကြပါ။ ရခိုင်ဒေသမှာ ဆိုရင် ရေယာဉ်တွေစီးတဲ့အခါ အထူးဂရုစိုက်ပြီး နှာခေါင်းစည်းတပ်ကြပါ။ ကာကွယ်ဆေးကတော့ ကိုဗစ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီးလို့ ခြောက်လပြည့်ရင် ထပ်ဆောင်းကာကွယ်ဆေး Booster ပါ ထိုးနှံထားမယ်ဆို အကောင်းဆုံးပါပဲ”ဟု မြန်မာနိုင်ငံကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက DMG သို့ပြောသည်။

လက်ရှိတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိနှုန်းမှာ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိစာရင်းအရ ကိုဗစ်ပိုးတွေ့လူနာသစ် ၃၀၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူများတွင် နာတာရှည် ရောဂါအခံရှိသူများမှာ သေဆုံးမှု ပိုမိုများပြားကြောင်း သိရသည်။ ထို့ကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်နှင့် ကင်ဆာ စသည့် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်အပြင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန်လည်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က “ရောဂါပိုးက ခန္ဓာကိုယ်ကိုဝင်တယ်ဆိုရင် ပုံမှန်ကျန်းမာနေတဲ့ သူတွေဆိုရင်တော့ နှာစေး၊ ဖျားနာတာ၊ တစ်ချို့ဆို ရောဂါလက္ခဏာ လုံးဝမပြတာတွေရှိတယ်။ ခန္ဓာကိုယ်က ခုခံနိုင်တယ်ပေါ့။ တခြားရောဂါတွေဖြစ်တဲ့ သွေးတိုးတို့၊ ဆီးချိုတို့၊ နာတာရှည်ရောဂါတွေရှိတဲ့ သူတွေကျတော့ ကိုဗစ်ကာကွယ်ဆေးမထိုးထားရင် ရောဂါလက္ခဏာပြင်းထန်နိုင်ပြီး သေဆုံးတဲ့အထိဖြစ်နိုင်တယ်”ဟု DMG သို့ပြောသည်။

မြန်မာနိုင်ငံရှိ နေရာအနှံအပြားတွင် ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်းများ တွေ့ရှိလာခြင်းကြောင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများအား လျော့ချပေးနိုင်သည့် ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်နှင့်အထက် ပြည်သူများအနေဖြင့် အကြိမ်ပြည့် ထိုးနှံထားရန်လိုအပ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူ များက အကြံပြုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၂၀,၇၄၄)ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၉,၄၅၃)ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ