ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် အရေပြား ရောဂါဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါဖြစ်ပွားနေကြကြောင်း သတင်းရရှိသည်။

09 Jul 2021

ဇွန်လအတွင်းက ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားမှုအားတွေ့ရစဉ်(ဓာတ်ပုံ - REC)

DMG ၊ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါဖြစ်ပွားနေကြကြောင်း သတင်းရရှိသည်။

လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းစစ်ဘေးရှောင်စခန်းတွင် လူကြီး၊လူငယ်အများစုမှာ ခန္ဓာကိုယ်အနှံ့ အနီရောင်အစက်အကွက်များဖြစ်ပေါ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“သူတို့မှာ ခန္ဓာကိုယ်အနှံ့ယားယံပြီးတော့ အနီရောင်အစက်တွေ ပေါ်တယ်။ ဆေးသောက်လိုက်လို့ရှိရင် ပျောက်သွားတယ်။ မနက်ကျရင် ပြန်ပေါ်တယ်။ စစ်ဘေးရှောင်အားလုံးနီးပါးလိုလိုဖြစ်နေတာ" ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ယင်းစစ်ဘေးရှောင်စခန်းမှ တခြားနေရာများသို့ မပြန့်ပွားအောင် ကျန်းမာရေးဌာနအနေဖြင့် ထိထိရောက်ရောက် ကုသပေးရန်လိုအပ်နေကြောင်းလည်း ဦးရွှေဘော်စိန်ကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ကန်စောက်ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများက တစ်လ ၁ ကြိမ် သို့မဟုတ် သုံးလ ၁ ကြိမ်ခန့်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း စခန်းတာဝန်ခံ ဦးမောင်ကျော်ခိုင်က ပြောသည်။

“သူတို့ ပေးတဲ့ဆေးနဲ့ မလုံလောက်လို့ရှိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတယ်။ ခေါင်းကိုက်၊နှာစေး ပျောက်ဆေးကလွဲပြီး ကျန်တဲ့ဆေးတွေဆိုရင် ကိုယ့်ဘာသာကိုယ်ဝယ်သောက်ရတယ်။ ကျန်းမာရေးဌာနကနေပြီး တစ်လမှာ ၂ ကြိမ်လောက်ဖြစ်ဖြစ် ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စစ်ဘေးရှောင်တွေကိုယ်စား တောင်းဆိုချင်ပါတယ်" ဟု ဆိုသည်။

ယင်းစခန်းတွင် ခြေ၊လက် အဆစ်ကိုက်နေသူ၊ ဝမ်းလျှော့၊ ဝမ်းပျက်ဖြစ်သူ၊ ဝက်သက် စသည့် ရောဂါခံစားနေသူများလည်း ရှိနေသည်ဟု စခန်းတာဝန်ခံကဆိုသည်။

အရေပြားရောဂါဖြစ်နေခြင်းနှင့်ပတ်သက်ပြီး ကန်စောက်ကျေးရွာ ဆေးခန်းမှတဆင့် စစ်ဘေးရှောင်စခန်းကို တစ်ပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးနေသည်ဟု ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးကပြောသည်။

“ပုံမှန် အရေပြားရောဂါလောက်သာဖြစ်တယ်။ ကန်စောက် ကျန်းမာရေးဌာနကသွားပြီး ဆေးကုသပေးနေပါတယ်။ အဲဒါက အရေပြားရောဂါလောက်ပဲဖြစ်တယ်။ ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေ၊ခန္ဓာကိုယ် မသန့်ရှင်းမှုတွေကတဆင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ အဲဒီစခန်းကို ကန်စောက်ကျန်းမာရေးဌာနက တစ်ပတ် ၂ ကြိမ် သွားပြီး ဆေးကုသပေးနေတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာစစ်ဘေးရှောင်စခန်းနှင့် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ကလေး (၁၀)ဦးတွင် အရေပြားရောဂါမျာ ဖြစ်ပွားခဲ့သေးသည်။

ဗီဒီယိုများ