ဒါးလက်ချောင်းအုပ်စုတွင် ဆန်သယ်ယူခွင့်မရ၍ ဒေသခံများအခက်အခဲဖြစ်လာ

အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုသို့ ဆန်သယ်ယူခွင့်ကို ယခုမေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှကန့်သတ်ထားပြီး လက်ရှိအချိန်ထိ ဆန်သယ်ယူခွင့်မရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

17 May 2022

DMG ၊ မေ ၁၇

အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုသို့ ဆန်သယ်ယူခွင့်ကို ယခုမေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှကန့်သတ်ထားပြီး လက်ရှိအချိန်ထိ ဆန်သယ်ယူခွင့်မရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ယခင်က တစ်ပတ်လျှင်တစ်ကြိမ် သယ်ယူခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် ကုန်းလမ်း၊ ရေလမ်းနှစ်ခုလုံးကို ဆန်သယ်ခွင့်ပိတ်ထားကြောင်း ဒါးလက်ချောင်းကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ကုန်းလမ်းကြောင်းရော၊ ရေလမ်းကြောင်းရော ပိတ်ထားတာ။ ဘယ်လောက်ကြာကြာ ပိတ်မယ်ဆိုတာတော့ မသိဘူး။ အရင်တုန်းကတော့ တစ်ပတ်မှာတစ်ရက် သယ်ခွင့်ပေးထားတယ်။ အခုက တစ်ရက်မှ သယ်လို့မရတော့ဘူး။ အပြီးသတ်ပိတ်ထားတာ”ဟု ၎င်းဒေသခံကဆိုသည်။

ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး ဆန်ရိက္ခာများကို မင်းပြားမြို့နယ်ဖက်မှ အဓိကဝယ်ယူကြသည်။ လက်ရှိမှာ ဆန်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုမသိရဟု ဒေသခံများကပြောသည်။

“အခုက အလုပ်အကိုင်လည်းရှားပါးတယ်။ ဆန်တစ်တောင်းကို တစ်သောင်းထိရှိတယ်။ အဲဒါကိုတောင် သယ်ခွင့်မရှိဘူးဆိုတော့ နောက်ရက် ၂၀ လောက်ကြာရင် ပိုပြီးတော့ စားနပ်ရိက္ခာအခက်အခဲတွေ ရှိနိုင်တယ်။ အခုတောင်အခက်အခဲရှိနေပြီ”ဟု ဒါးလက်ချောင်းမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒါးလက်ချောင်းသို့ ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာပြောဆိုထားခြင်းမရှိသေးပေ။

ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်းကလည်း တစ်နှစ်ခန့်ကြာပိတ်ပင်ခံခဲ့ရပြီး ဒေသခံများမှာ စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရသည်။

ဗီဒီယိုများ