အမ်းတွင် တစ်နှစ်ခန့်ကြာ ပိတ်ပင်ထားသည့် ကုန်းလမ်း၊ရေလမ်းများကို ပြန်ဖွင့်ပေးရန် ဒေသခံများလိုလားနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုအတွင်း တစ်နှစ်ခန့်ကြာမြင့်သည်အထိ ပိတ်ပင်ထားသည့် ကုန်းလမ်း၊ရေလမ်းများကို ပြန်ဖွင့်ပေးရန်နှင့် ကုန်ပစ္စည်းများကို သယ်ယူခွင့်ပြုရန်ဒေသခံများက လိုလား နေကြကြောင်း ပြောဆိုသည်။

By မျိုးသီရိကျော် 24 Nov 2020

Photo - facebook

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၂၄ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုအတွင်း တစ်နှစ်ခန့်ကြာမြင့်သည်အထိ ပိတ်ပင်ထားသည့် ကုန်းလမ်း၊ရေလမ်းများကို ပြန်ဖွင့်ပေးရန်နှင့် ကုန်ပစ္စည်းများကို သယ်ယူခွင့်ပြုရန်ဒေသခံများက လိုလား နေကြကြောင်း ပြောဆိုသည်။

ယင်းကဲ့သို့ ကုန်လမ်း၊ ရေလမ်းကို ပိတ်ပင်ထားသည့်အတွက် ဒါးလက်အုပ်စုဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်လပ်ခြင်းအပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမ်းမြို့နယ်မှ ဒေသခံ ကိုမျိုးလွင်က “ဒေသခံတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ အလုပ်အကိုင်တွေလည်းမရှိတော့ သူတို့မှာ ပိုပြီးတော့ခက်ခဲတယ်ပေါ့နော်။ တချို့မရှိ ဆင်းရဲသားတွေဆိုရင် ဖြစ်သလို စားသောက်နေရတာတွေလည်း ရှိပါတယ်။ လောလောဆယ် ဒေသတည်ငြိမ်နေတဲ့ကာလမှာ ကုန်းလမ်း၊ ရေလမ်း ဖွင့်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

အမ်းမြို့နယ်အတွင်း ၂၀၁၉ ဒီဇင်ဘာလမှစတင်ကာ ရေလမ်းကြောင်းသွားလာခွင့်နှင့် ၂၀၂၀ ဖေဖော်ဝါရီလ အတွင်းမှစတင်ကာ ကုန်းလမ်းကြောင်းသွားလာခွင့်ကို တပ်မတော်ဖက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ ကျေးရွာပေါင်း ၅၀ ခန့်မှာ အမ်း၊ ကမ်းထောင်းကြီး၊ မင်းပြား၊ မြောက်ဦးစသည့် မြို့နယ်တို့မှ ကုန်းလမ်း၊ရေလမ်းဖြင့် တင်ပို့သည့် ဆန်နှင့်တခြားလူသုံးကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲနေကြ ရခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားခြင်းများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒါးလက်အုပ်စုအတွင်းမှ ဒေသခံ ၃ ပုံ ၂ ပုံ ခန့်မှာ ပြည်မဖက်သို့ပြောင်းရွှေ့သွားကြကြောင်း ဒါးလက်အုပ်စုမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒေသမတည်ငြိမ်တဲ့အတွက် ဒါးလက်ဒေသခံတွေက စစ်ဘေးရှောင်စခန်းတွေ၊ ရန်ကုန်၊ မန္တလေးစတဲ့ နေရာ တွေကိုလည်း စစ်ဘေးရှောင်တွေအနေနဲ့သွားကြသူတွေလည်း အများကြီးရှိပါတယ်။ အကုန်လုံးပြန့်ကျဲ သွားတယ်”ဟု ဆိုသည်။

ကုန်လမ်း၊ ရေလမ်းကို ပိတ်ထားသည့်အတွက် သက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ကျန်းမာရေးအပိုင်းတွင် အခက်အခဲရှိကြောင်းလည်း ၎င်းကပြောသည်။

အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက “လောလောဆယ် ကျောက်တော်၊ ပလက်ဝရေလမ်းကြောင်းကို ဖွင့်ပေးလာရင်တော့ ကျနော်တို့ အမ်းဖက်က လမ်းကြောင်းတွေကိုဖွင့်ပေးဖို့ အစိုးရဖက်ကို တင်ပြတောင်းဆိုသွားမယ်” ဟု ဆိုသည်။

အမ်းမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေမှာ မြို့ပေါ်စခန်း ၂ ခုတွင် ၁၈၀၀ ကျော်နှင့် စခန်းပြင်ပတွင် တစ်သောင်းကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ နိုဝင်ဘာလ ၂ ရက် နေ့အထိစာရင်းအရ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိကာ စစ်ဘေးရှောင်စခန်းများတွင် ၈ သောင်းကျော်နှင့် စခန်းပြင်ပတွင် ၁ သိန်း ၅ သောင်း ၄ ထောင်ကျော်ရှိကြောင်း REC မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကိုကြေငြာကာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၂ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်မှလည်း ယင်းထုတ်ပြန်ချက်ကိုကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုများ လျော့နည်းလာကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ် များကဆိုသည်။

ဗီဒီယိုများ